စီးပွားရေးအကျပ်အတည်းဆိုက်နေချိန် ရှီကျင့်ဖျင်က တရုတ်အသွင်ခေတ်မီရေးကို ဖြေရှင်းချက်အဖြစ် ရှုမြင်ထား

ပုံ- တရုတ်သမ္မတ ရှီကျင့်ဖျင်

The Hong Kong Post

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံ၏စီးပွားရေး အခြေအနေများကို ဆွေးနွေးရန် ဇန်နဝါရီ ၁၉ ရက်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။ တရုတ်သမ္မတရှီက ပြုပြင်ပြောင်းလဲရေးအကြောင်း တွန်းအားပေးလိမ့်မည်ဟု အများက မျှော်လင့်ခဲ့ကြသော်လည်း ရှီသည် တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် ပြဿနာအဖြစ်သတ်မှတ်ထားသည့် ရှုပ်ထွေးသောစည်းမျဉ်းများချမှတ်မှုအပါအဝင် ခလုတ်တံသင်းများ ဖယ်ရှားရေးကို ဆက်အလေးထားရန် တွန်းအားပေးခဲ့ကာ တရုတ်အသွင်ခေတ်မီရေးကို ထပ်မံဆော်ဩခဲ့သည်။

“ဒီနှစ်ရဲ့ ဦးစားပေးကတော့ တရုတ်အသွင်ခေတ်မီရေးမှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ စီစဉ်ချမှတ်ဖို့ ဖြစ်ပါတယ်။ အန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နှင့် ယုံကြည်မှု မြှင့်တင်ဖို့ ကြီးမားတဲ့ မဟာဗျူဟာ တစိတ်တပိုင်းအဖြစ် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်ရပါမယ်” ဟု အစည်းအဝေးတွင် သမ္မတရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတရှီသည် မျှတသော ဝင်ငွေ ခွဲဝေမှု၊ ငြိမ်းချမ်းသော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ် တည်တံ့ခိုင်မြဲရေး စသည့် နိုင်ငံရေးခံယူချက်များကဲ့သို့ တရုတ်အသွင်ခေတ်မီရေးဟူသော စကားရပ်ကို တရုတ်နိုင်ငံသားများလိုက်နာရမည့်အရာအဖြစ် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် အသုံးပြုလာခဲ့ကာ အနောက်နိုင်ငံများရှိ ခေတ်မီမှုနှင့် မတူကြောင်း ခွဲခြားပြခဲ့သည်။

တရုတ်သမ္မတက CCP ၏ ဗဟိုကော်မတီဝင်များအား ‘တရုတ်အသွင်ခေတ်မီရေး’ ကို အလေးထားရန် ပြောကြားခဲ့သော်လည်း ပါတီ၏ နိုင်ငံတော်ကောင်စီမှထုတ်ဝေသော ဖေဖော်ဝါရီ ၁၉ ရက်ထုတ် Economic Daily က စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေး အချိန်မီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

“အဆင့်မြင့်တဲ့ တစုတဝေးတည်းရှိတဲ့ ဈေးကွက်ဖွင့်လှစ်တာလိုမျိုး အခြေခံ ပြုပြင်ပြောင်းလဲရေး နယ်ပယ်တွေမှာ အဖွဲ့အစည်းဆိုင်ရာ အတားအဆီးတွေကို အချိန်မီ ဖြတ်ကျော်နိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကဏ္ဍတွေဟာ ပါတီနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့အတွက်ကြောင့်ပါ” ဟု The Economic Daily တွင် ရေးသားထားသည်။

ထိုရေးသားချက်က စီးပွားရေးနှင့်စီမံခန့်ခွဲမှုနည်းလမ်းနှင့် ပတ်သက်၍ CCP တွင် တွေ့ရသည့် စိုးရိမ်မှုပမာဏများကို အတိအလင်း ပြသနေသည်။ ပြုပြင်ပြောင်းလဲရေး အစီအမံများကို အကောင်အထည်မဖော်ပါက စီးပွားရေး၊ ပါတီနှင့် နိုင်ငံတခုလုံး၏ အခြေအနေကို ထိခိုက်စေမည်ဖြစ်ကြောင်း CCP ၏ နိုင်ငံတော်ကောင်စီစာစောင်တွင် သတိပေးထားသည်။

The Economic Daily ၏ အကဲဖြတ်မှုသည် နဂါးနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာရှိသည့် မြေပြင်အခြေအနေမှန်ကို အခြေခံထားသည်။

တရုတ်နိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ခန့်မှန်းထားသည်။ သို့သော် တရုတ်နိုင်ငံအထူးပြု သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် Rhodium Group က ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးတရုတ်၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် သုံးရာခိုင်နှုန်း မှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိသာ တိုးတက်မည်ဟု ခန့်မှန်းထားသည်။ နိုင်ငံ၏ ဂျီဒီပီသည် ယမန်နှစ်က ၅ ဒသမ ၂ ရာခိုင်နှုန်းတိုးလာသည်ဟူသော တရုတ်နိုင်ငံစာရင်းအင်းဗျူရို၏ မကြာသေးမီကထုတ်ပြန်သည့် အစီရင်ခံစာအပေါ် သံသယရှိကြောင်း Rhodium Group က ဖော်ပြခဲ့သည်။

နိုင်ငံတွင်း အလုပ်လက်မဲ့လူငယ်အရေအတွက်အချက်အလက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍လည်း မေးစရာဖြစ်နေသည်။ လူငယ်အလုပ်လက်မဲ့နှုန်းသည် စံချိန်တင် ၂၁ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ချိန် ယမန်နှစ်က တရုတ်သည် အဆိုပါစာရင်း ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ တရုတ်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် နည်းစနစ်သစ်ဖြင့်တွက်ချက်ကာ လူငယ်အလုပ်လက်မဲ့နှုန်းကို ၁၅ ရာခိုင်နှုန်းသာရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရင်းနှီးမြုပ်နှံသူများက တရုတ်စတော့ရှယ်ယာများမှ စံချိန်တင်နှုန်းဖြင့် နုတ်ထွက်နေကြသလို ပို့ကုန်ဝင်ငွေနှင့် အိမ်ခြံမြေဈေးကွက်မှာလည်း ကျဆင်းနေပြီး နိုင်ငံသည် အိမ်ဝယ်ယူမှုများအတွက် အတိုးနှုန်းလျှော့ချခြင်းကဲ့သို့သော ပံ့ပိုးကူညီမှုအစီအမံများကို အရှိန်မြှင့်လုပ်ဆောင်နေရသည်။

တရုတ်နိုင်ငံသည် ငွေကြေးဖောင်းပွမှုလျော့ပါးရေးစီမံချက်များကိုလည်း ဆက်လက်လုပ်ဆောင်နေရကာ စားသုံးသူတန်ဖိုးမှာ ဇန်နဝါရီလတွင် လေးလဆက်တိုက်မြောက်အဖြစ် ကျဆင်းကာ ၀ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း Reuters က ဖော်ပြခဲ့သည်။

ထိုသို့ မျှော်လင့်ချက်ကုန် ကြံရာမရသည့်အခြေအနေတွင် ရှီသည် ၁၉၇၉ မတ်လက တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “တရုတ်အသွင်ခေတ်မီရေး” ဟူသော ပထမဆုံးသုံးနှုန်းခဲ့သော စကားရပ်တွင် မျှော်လင့်ချက်ရောင်ခြည် မြင်တွေ့ခဲ့သည်။ တိန့်ရှောင်ဖိန်သည် ၁၉၈၂ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော CCP ၏ ၁၂ ကြိမ်မြောက်ကွန်ဂရက်၏ အဖွင့်အမှာစကားတွင်လည်း ထိုစကားရပ်ကို သုံးနှုန်းခဲ့သည်။ တရုတ်အသွင်ခေတ်မီရေးဟူသော စကားရပ်ကို ညွှန်းဆိုလျှက် တိန့်ရှောင်ဖိန်က “ကိုယ်ပိုင်လမ်းစဉ်ကို ခံယူပြီး တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒကို တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံအတွက် ရှေ့ခရီးလမ်းဖြစ်သည်”ဟု ပြောကြားခဲ့သည်။

တိန့်ရှောင်ဖိန်၏ ‘တရုတ်အသွင်ခေတ်မီရေး’ အယူအဆက တိုင်းပြည်၏ အခြေအနေများကို ထည့်သွင်းစဉ်းစားသည့် စီးပွားရေးချဉ်းကပ်မှုနည်းလမ်းအသစ်များအကြောင်း ပြောဆိုနေသော်လည်း ရှီ၏ ‘တရုတ်အသွင်ခေတ်မီရေး’ အယူအဆသည် အနောက်နိုင်ငံများနှင့် မတူသည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်ပုံကို အလေးထားနေခြင်းဖြစ်သည်။ နားဝင်ချို မှတ်မိလွယ်သောစကားရပ်ကို သုံးနေစေကာမူ စျေးကွက်တွင် ပြုပြင်ပြောင်းလဲမှုပုံစံအသစ်များနှင့် ရုတ်ခြည်းအကောင်အထည်ဖော်မှုများ လုပ်ဆောင်ခြင်းဖြင့် ယုံကြည်မှု ပြန်လည်မတည်ဆောက်နိုင်ပါက မည်သည့်အစီအစဉ်မျှ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။