AA ထိန်းချုပ်နယ်မြေအတွင်း လမ်းဖောက်လုပ်မှုအခြေအနေကို အိန္ဒိယအမတ်စစ်ဆေး

အိန္ဒိယအထက်လွှတ်တော်အမတ် ကွင်းဆင်းစစ်ဆေးနေစဥ်

ပါခွီး

(မဇ္စျိမ)။ ။ အိန္ဒိယ – မြန်မာနှစ်နိုင်ငံ သဘောတူထားသည့် ကုလားတန်ဘက်စုံ သယ်ယူပိုဆောင်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားသည့်နယ်မြေအတွင်း မီဇိုရမ်ပြည်နယ်မှ အိန္ဒိယအထက်လွှတ်တော်အမတ်က လမ်းဖောက်လုပ်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း All India Radio က ကြေညာသည်။

အထက်လွှတ်တော်အမတ် ပူး ကေ ဗန်လားလ်ဗင်နာ (Pu K , Vanlalvena နှင့်အတူ အဖွဲ့ဝင် ၂၀ခန့်သည် ဖေဖော်ဝါရီလ ၂၉ရက်နေ့တွင် အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်စပ်မှတဆင့် မြန်မာနိုင်ငံအတွင်း ရှစ်ကီလိုမီတာအကျော်ထိ ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ခရီးစဥ်အတွင်း လမ်းဖောက်လုပ်ရေး ကန်ထရိုက်တာများ၊ ရက္ခိုင့်တပ်တော်(AA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး AA တပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးခဲ့ကြောင်းသိရသည်။

“မြန်မာနိုင်ငံအတွင်းမှာ အခုလမ်းဖောက်နေတဲ့နေရာမှာ စစ်ကောင်စီတပ်မဟုတ်ဘဲ တခြားတပ်တခုရဲ့ထိန်းချုပ်မှုအောက်ရောက်သွားတဲ့အတွက်လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မလားဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ပါတယ်၊ အဲဒါကြောင့် မြေပြင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွကို လေ့လာစုံစမ်းဘို့ရောက်လာရခြင်းဖြစ်တယ်” ဟု အထက်လွှတ်တော်အမတ်က ပြောသည်။

သူပုန်ဟုခေါ်ဆိုပြီး ယခုနယ်မြေကို သိမ်းပိုက်ထားသော AA တပ်ဖွဲ့က လက်ရှိ ဖောက်လုပ်လျက်ရှိသည့်လမ်းကို အနှောက်အယှက်မပြုဘဲ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ကန်ထရိုက်တာများ၏ လုံခြုံရေးအပါအဝင် လိုအပ်သောလုပ်ဆောင်မှုများ ပြုလုပ်သွာမည်ဖြစ်ကြောင်း ပူး ကေ ဗန်လားလ်ဗင်နာ က မီဇိုရမ်ပြည်သူလူထုကို အသိပေးပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သဘောတူလက်မှတ်ထိုးထားခဲ့သည့် စုစုပေါင်းခန့်မှန်း တန်ဘိုး အမေရိကန်ဒေါ်လာ ၄၈၄သန်းခန့်ရှိသော စီမံကိန်းတွင် အဆင့်လေးဆင့်ပါဝင်ပြီး စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်း ၊ စစ်တွေမှ ပလက်ဝမြို့ အထိ ၁၅၈ ကီလို မီတာရှည်သော ကုလားတန်မြစ်ကြောင်း တူးချဲ့ပြုပြင် ခြင်းတို့ ပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်လုပ်ဆောင်ဆဲဖြစ်သော ချင်းပြည်နယ် ပလက်ဝ မှ မီဇိုရမ်နယ်စပ် ဇိုးရင့်ပွီးသို့ ၁၀၆ ကီလိုမီတာနှင့် နယ်စပ်မှ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့အကြား ၉၄ မီတာအရှည် ကားလမ်းဖောက်လုပ်ခြင်းများ နှောင့်နှေးနေသဖြင့် အခြေအနေများကို အထက်လွှတ်တော်အမတ်က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် အချိန်ကာလတရပ် လိုအပ်နေဆဲဖြစ်ပြီး အကယ်၍ လမ်းဖောက်လုပ်မှုလုပ်ငန်းများပြီးစီးပါက အိန္ဒိယအစိုးရအနေဖြင့် နယ်မြေများကို လက်လွတ်ဆုံးရှုံးထားသော မြန်မာစစ်ကောင်စီနှင့် သဘောတူစာချုပ်အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းရှိမရှိနှင့် ရက္ခိုင့်တပ်တော်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကို လေ့လာစောင့်ကြည့်သူများက မေးခွန်းထုတ်ရှိနေသည်။

စာတည်း – သန့်ဇော်(သန်လျင်)