ဝက်လက်မီးသတ်ရုံးနှင့်တာဝါတိုင်စခန်းကို PDF တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး

ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်ကောင်စီတပ်များကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များမှ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်သည့်မြင်ကွင်း/ပုံ။ ။ရတနာပုံတပ်ဦး

ကိုခင်မောင်

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မီးသတ်ရုံးနှင့် ဆက်သွယ်ရေးတာဝါတိုင်စခန်းစောင့်လုံခြုံရေးတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ရတနာပုံတပ်ဦး(မန္တလေးခရိုင်ပကဖ)က ယနေ့(မေလ၇ရက်)တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့(မေလ ၆ ရက်)နံနက် ၁၁ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သည်ဟု ရတနာပုံတပ်ဦးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း အတွင်းသတင်းများအရ သိရသည်ဟု ရတနာပုံတပ်ဦး၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

” အနီးကပ်သွားတိုက်တာဆိုတော့ စခ(စစ်‌ကောင်စီ) ဘက်က ထိတဲ့သူတွေကို ဒိုင်နာကားနဲ့ သယ်တာအထိပါမြင်နေရပါတယ်” ဟု ရတနာပုံတပ်ဦးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ Fixed Wings Drone တစီးပျက်ကျသွားခဲ့ပြီး စစ်ကောင်တပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ရတနာပုံတပ်ဦး၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅) – ကြောင်လက်သည်းတပ်ဖွဲ့၊ ပြည်သူ့ဘက်တော်သားပြောက်ကျားတပ်ဖွဲ့၊ 7 PDF၊ ဗိုလ်လှိုင်ဘွားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ရေကြက်နှင့် ဗိုလ်ရဲရင့်အောင်တပ်ဖွဲ့၊ ဗိုလ်စိုးကြီးတပ်ဖွဲ့၊ တောင်သူ လယ်သမားတပ်ပေါင်းစုနှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်ကလည်း ရွှေဘိုခရိုင်တပ်ရင်း(၁၅)နှင့်ပူးပေါင်းအဖွဲ့များမှ ဝက်လက်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ ခြောက်လုံးချတိုက်ခိုက်ခဲ့သည်။ယနေ့(မေလ၇ရက်)တွင် ဝက်လက်မြို့၌ စစ်ရေးအခြေအ‌နေငြိမ်သက်နေကြောင်းသတင်းရရှိသည်။

စာတည်း – အေးချမ်း