ရေဦးနယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ ဒေသခံ ၃,၀၀၀ ခန့်တိမ်းရှောင်

စစ်ကောင်စီစစ်ကြောင်းကြောင့် ရေဦးဒေသခံများဘေးလွတ်ရာကို တိမ်းရှောင်ကြစဉ်

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ဒေသခံပြည်သူ ၃,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၄ ရက်နေ့က တန့်ဆည်နယ်ကုန်းရိုးရွာတွင် ညအိပ်တပ်စွဲခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မနက်အစောပိုင်း၌ ရေဦးနယ်အနောက်ခြမ်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“ မနက်ပိုင်းမှာ ဖလံဂုဏ်ရွာကို ဝင်တယ် ၊ အခုနေ့ခင်းပိုင်းမှာ ဝက်ဖိုးရွာ နဲ့ မြင်းပေါက်ရွာတွေဘက်ကို ရောက်လာပြီးအခု အဲ့မှာပဲ တပ်ဖြန့်ထားတယ် ။ အနီးအနားက ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၃,၀၀၀ လောက်ထွက်ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဖလံဂုဏ် ၊ မဲအိုး ၊ တောင်ကုန်း ၊ မြင်းပေါက် ၊ ဝက်ဖိုး ၊ ဇဝ စသည့်ကျေးရွာများအပါအဝင် အနီးအနား ကျေးရွာများ မှ ဒေသခံပြည်သူများဘေးလွတ်ရာကို ထွက်ပြေးနေရခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း ရေဦးနယ်သို့ ဝင်ရောက်လာချိန်ကစ၍ ပြည်သူများကိုဖမ်းဆီးခြင်း သတ်ဖြတ်ခြင်းများ ပြုလုပ်ထားခြင်းမျိုးမရှိသေးကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် တန့်ဆည်မြို့နယ်တွင် ၁၂ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီးနောက် ပြည်သူ ၁၁ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ခြောက်ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းတခုဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)