စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လွတ်ငြိမ်းတွင် လွတ်ငြိမ်း ၉၆၀၀ ကျော်တွင် နိုင်ကျဉ်း ၄၄၀ ဦးပါဝင်


ရွှေနွယ်

(မဇ္ဈိမ) ။ ။ စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဥ်းသား ဦးရေ ၉၆၀၀ ကျော်တွင် နိုင်ငံရေးအကျဥ်းသား ၄၄၀ ဦးသာ ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်( PPNM) က ယနေ့ ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုင်ငံတဝန်း အကျဉ်းထောင် ၄၀ ကျော်ရှိသည့်အနက် ၂၈ ခုမှ စာရင်းကိုကောက်ယူထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ အကျဉ်းထောင် ၂၈ ခုတွင် ၁၄ ခုမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု လုံးဝမရှိကြောင်းလည်းသိရသည်။ PPNM ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ကျဉ်းလွတ်မြောက်လာသည့် အကျဉ်းထောင်များမှာ မန္တလေးအိုးဘိုအကျဉ်းထောင်၊ ပြည်အကျဉ်းထောင်၊ ကျိုက်မရောအကျဉ်းထောင်၊ သာယာဝတီထောင်၊ ပုသိမ်အကျဉ်းထောင်၊ သထုံအကျဉ်းထောင်၊ တောင်လေးလုံးအကျဉ်းထောင်၊ လားရှိူးထောင်၊ ဘားအံထောင်၊ ဖားကန့်အချုပ်ထောင်၊ မြိတ်ထောင်၊ ထားဝယ်ထောင်၊ မြောင်းမြထောင်နှင့် အင်းစိန်ဗဟိုအကျဉ်းထောင်တို့ဖြစ်သည်။
ထို့အနက် အင်းစိန်အကျဉ်းထောင်သည် ၂၃၀ ဦးဖြင့် နိုင်ကျဉ်းလွတ်ငြိမ်းခွင့်အများဆုံးရရှိသည့် ထောင်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရသိရှိရသည်။

ဒုတိယအများဆုံးမှာ ၁၄၀ ဦးဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်ဖြစ်သည်။ ယခု PPNM မှ ထုတ်ပြန်ထားသည့် နိုင်ကျဉ်းလွတ်မြောက်သူ ၄၄၀ ဦးသည် စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ပေးသည့် ၉၆၀၀ ဖြင့်နှိုင်းယှဉ်ပါက ၄.၅ ရာခိုင်နှုန်းသာရှိနေသေးသည်။

“လက်ရှိ ဒီဒေတာတွေကိုတော့ ကျွန်တော်တို့ရဲ့မြေပြင်တာဝန်ခံတွေကပေးပို့တဲ့အချက်အလက်တွေပါ။ တချို့ မခိုင်မာတဲ့သတင်းတွေကိုတော့ ချန်လှပ်ထားတယ်။ တဦးတယောက်ထဲကပို့တဲ့သတင်းကိုတင်မဟုတ်ဘဲ အနည်းဆုံး သုံးဦးလောက်ဆီက အတည်ပြုချက်ယူပါတယ်။ တူညီတဲ့အဖြေထွက်လာတဲ့အပေါ်မှာပဲ ကျွန်တော်တို့အတည်ပြုတာပါ” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။

နိုင်ငံတဝန်းတွင် အကျဉ်းထောင် ၄၀ ကျော်ရှိပြီး ထို့အနက် အကျဉ်းထောင် ၄၂ ခုတွင် နိုင်ငံရေးအကျဉ်းသားများရှိနေကြောင်းနှင့် ယခုထုတ်ပြန်သည့်စာရင်းတွင်မပါရှိသေးသော အကျဉ်းထောင်များ၏ အချက်အလက်ကို ဆက်လက်အတည်ပြုကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် တိုက်ပွဲများပြင်းထန်လျက်ရှိသည့် ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်သည် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ကိုခံစားခွင့်မရရှိဘဲ လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူလုံးဝမရှိကြောင်းလည်း လွိုင်ကော်ဒေသခံတို့ထံကသိရှိရသည်။
ယမန်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းတွင် မန္တလေးမြို့တော်၀န်ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းစည်ပင်ကော်မတီ၀င်ဦးကျော်ဇေယျနှင့် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးတို့ပြန်လည်လွတ်မြောက်လာခဲ့သည်။ သာယာဝတီမြို့မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကိုမူ လွတ်မြောက်လာပြီးမှ ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ထို့ပြင် လွတ်မြောက်လာပြီဟု သတင်းများထွက်ပေါ်ခဲ့သော သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ မော်ဒယ် နန်းမွေစံနှင့် အဆိုတောင် အောင်လတို့မှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းတို့နှင့် နီးစပ်သူများက မဇ္ဈိမကိုအတည်ပြုထားသည်။
“ အခုချိန်အထိ ကျနော်နာမည်နဲ့ သိရသလောက် ၆၀ လောက်ပဲ ရပါသေးတယ်။ နောက်ရက်တွေမှာလည်း ဆက်လက်ကောက်ယူပြီး သိရသလောက် ဖော်ပြပေးသွားပါမယ်။ စစ်အုပ်စုဘက် က လွှတ်ပေးတဲ့ အချိန်မှာ အရေအတွက်လောက်သာပြောပြီး ဘယ်သူတွေကို လွှတ်ပေးပါတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ထုတ်ပြန်တာမျိုးမရှိတဲ့အတွက် အချက်အလက်မြန်မြန်ဆန်ဆန်ရဖို့ အခက်အခဲရှိပါတယ်။ တချို့လည်း လွတ်ပြီးမှ ပြန်အဖမ်းခံရတယ်ဆိုတာမျိုးလည်း ရှိနေပါတယ်။ သေချာတာက လွတ်လူအများစု က ရာဇဝတ်မှုကျူးလွန်ပြီး ကျသူများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားပါဝင်မှု က ရာဂဏန်းလောက်ပဲ ရှိပါတယ်” ဟု AAPP၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ ယနေ့ ဇန်နဝါရီ ၅ ရက်နေ့အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၂၅,၇၆၂ ရှိပြီး ၁၉,၉၂၄ မှာထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး