ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၃၀ ဦး သတ်ဖြတ်ခံရပြီး ၁၇ ဦးဖမ်းဆီးခံရ

လွိုင်​ကော်မြို့ရှိ စစ်​ဘေး​ရှောင်အမျိုးသမီးအချို့အား ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်းက​တွေ့ရစဥ်/ဓာတ်ပုံ-KHAI

001

(မဇ္ဈိမ)။ ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း အမျိုးသမီး ၃၀ ဦးသတ်ဖြတ်ခံရပြီး ၁၇ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU ) ကယမန်နေ့ မတ်လ ၄ ရက်နေ့က ထုတ်ပြန်သည်။

အမျိုးသမီးများ သေဆုံးရမှုများမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အများဆုံးဖြစ်ပြီး ဖမ်းဆီးထားစဉ် သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အကျဉ်းထောင်တွင်း သေဆုံးခြင်းတို့လည်း ပါဝင်ကြောင်း BWU ကဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များမှာ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး၊ ကရင်နီ၊ ကရင်နှင့် ရန်ကုန် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား နေရာအနှံ့အပြား တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင်လည်း အာဏာသိမ်းကာလအတွင်း အမျိုးသမီးများ၏ အခွင့်အရေးများ အားလုံး ချိုးဖောက်ခံနေရသည့်အပြင် အသက်အန္တရာယ်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေရကြောင်း ကရင်နီပြည်နယ်ရှိ မချယ်ရီမိုးက ပြောသည်။

အမျိုးသမီးများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အသက်ဆုံးရှုံးရမှုများပြားပြီး တိုက်ပွဲအတွင်း သေဆုံးခြင်း၊ လူမသိ သူမသိ မတရားပြုကျင့်သတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေခြင်းတို့လည်းရှိကြောင်း ၎င်းကပြောသည်။

“အထူးသဖြင့် ကလေးငယ်ရှိတဲ့ မိခင်တွေ နောက်ပြီး ကိုယ်ဝန်သည်တွေ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးတွေ ဆုံးရှုံးရတယ်။ ပြီးတော့ အသက်အိုးအိမ်လည်းဆုံးရှုံးရတယ်။ ကျွန်မတို့က ပြေးရ လွှားရတယ်။ ပြေးနေရတဲ့အချိန်မှာ ကျွန်မတို့ အမျိုးသမီးတွေက အခက်အခဲအများဆုံးပိုတွေ့ရတယ်။ ပြေးနေတဲ့အချိန် ဆိုင်ကယ်လည်းမစီးတတ်ဘူး။ ကားလည်းမရှိဘူး။ ဆီဈေးကလည်းတက်နေတယ်။ တချို့ဆို ခြေလျင်ပဲ ကလေးကို ပိုးပြီးပြေးနေရတာတွေရှိတယ်။ ပြေးနေရင်းတန်းလန်းပဲ လက်နက်ကြီးလှမ်းထုတယ်။ လေယာဉ်နဲ့လှမ်းပစ်ခံရတဲ့ဟာလည်း ရှိတယ်။ အဲ့ဒီလိုမျိုးတွေအများကြီး ဒုက္ခတွေအများကြီးကြုံတွေ့ရတယ်”ဟု မချယ်ရီမိုးကပြောသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအနေဖြင့် ထိုသို့ အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အခြေအနေများကို မှတ်တမ်းတင်ပြီး အရေးယူမှုများ ပြုလုပ်ပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီး သေဆုံးမှုများ ၊ ဖမ်းဆီးခံရမှုများ လစဉ်ရှိနေပြီး စစ်ကောင်စီက အမျိုးသမီးများအား လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ရေးသားဖြန့်ဝေကြောင်း စွပ်စွဲချက်များဖြင့် ဖမ်းဆီးမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အဆိုပါ စွပ်စွဲချက်များနှင့် ဖမ်းဆီးခံရသူ အများဆုံးရှိခဲ့ပြီး မြောက်ခရမ်းရွာတွင် အမျိုးသား နှစ်ဦးအား မီးရှို့သတ်ဖြတ်မှု သတင်းအား ‌ရေးသားဖြန့်ဝေခြင်းကြောင့် ဖမ်းဆီးခံရသူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရသူများလည်း ရှိခဲ့ကြောင်း BWU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီကြောင့် အမျိုးသမီး ၈၀၆ ဦးသေဆုံးခဲ့ပြီး ၃,၃၀၀ ဦးကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းလည်း BWU ၏ အချက်အလက်များအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး