လိုင်ဇာ အနီးတဝိုက် တိုက်ပွဲပြင်းထန်ပြီး တပ်စခန်းအချို့ကို KIA သိမ်းပိုက်

Photo- AFP

Photo- AFP

အဂမ်

(မဇ္ဈိမ) ။ ။ KIA ဌာနချုပ် လိုင်ဇာအနီးရှိ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမကြီးတကြောရှိ စစ်ကောင်စီတပ် စခန်းအများအပြားကို KIA နှင့် KPDF ပူးပေါင်းတပ်က ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့သည့် ယနေ့ နံနက် ၅ နာရီမှ စတင်ပြီး စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် စီးနင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်ရှိမှာ ထိုလမ်းကြောင်းပေါ်က ဘွမ်ရယ်ဘွမ် (Bumre bum)နှင့် ခယာဘွမ်(Hkaya Bum) စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက်ရရှိထားကြောင်း KIA ‌ရှေ့တန်း သတင်းရင်းမြစ်က မဇ္ဈိမကို ‌အတည်ပြုသည်။

“လိုင်ဇာနားမှာရှိတဲ့ စခန်းတွေအကုန်လုံးကို တပြိုင်တည်းတိုက်တာ၊ ခုထိ တိုက်နေကြတုန်းပဲ။ နယ်စပ်နားက တပ်စခန်းတွေပါ။ အခုက ခယာဘွမ်နဲ့ ဘွမ်ရဲဘွမ်ကိုတော့ သိမ်းလိုက်ပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

စခန်းဆုတ်ခွာထွက်ပြေးလာသော တပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် စစ်သုံ့ပန်း ၁၀ ကျော် ဖမ်းဆီးရမိထားကြောင်း သတင်းများ ထွက်ပေါ်နေပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

လက်ရှိမှာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ထို့ပြင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာက ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်စခန်းကိုလည်း KIA က ယနေ့နံနက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

တိုက်ပွဲအတွင်း မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ စစ်ကောင်စီတပ်စခန်းငယ် အချို့ကို သိမ်းပိုက်ရရှိထားကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ကချင်အခြေစိုက် KNG သတင်းဌာနကို ပြောထားပြီး တိုက်ပွဲပြင်းထန်လာလျှင် စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်နိုင်၍ သတိဖြင့် နေထိုင်ကြရန် အသိပေးထားသည်။

စာတည်း။ ။ နောင်နောင်