ချင်းပြည်(Chinland)အစိုးရဖွဲ့စည်း၊ ဝန်ကြီးချုပ်အပါအဝင် ခန့်အပ်ခံရသော ပုဂ္ဂိုလ်များ ကတိသစ္စာပြု

ပုံစာ – ချင်းလဲန်းကောင်စီဝန်ကြီးချုပ်ဦးပါထန်း(အလယ်)နှင့်ချင်းလဲန်းကောင်စီအစိုးရအဖွဲ့ကျမ်းသစ္စာဆိုနေစဉ်။

မဇ္ဈိမ

ချင်းပြည်အစိုးရအဖွဲ့ (Chinland Council )ကို ဖေဖော်ဝါရီ ၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက်ပြီး ယနေ့ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာန ၁၄ ခုနှင့် တရားလွှတ်တော်ချုပ်၊ စာရင်းစစ်ချုပ် နေရာများအတွက် ရွှေးချယ်အတည်ပြုခန့်အပ်ခံရသော ပုဂ္ဂိုလ်များက ကတိသစ္စာပြုချက်(သို့မဟုတ်)ကျမ်းသစ္စာဆိုခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း Chinland Council က သတင်းထုတ်ပြန်သည်။

အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသည့် ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက် နယ်မြေနှင့် ချင်းအမျိုးသားတရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသားတပ်မတော် တည်ဆောက်ရေးနှင့် ချင်းအမျိုးသားလှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတရပ်လုံး လက်တွဲပူးပေါင်း ပါဝင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဟုလည်း ချင်းလဲန်းကောင်စီက ထုတ်ပြန်သည်။

‘’ကျွန်တော်တွေမှာက လတ်တလောမှာ ရုံးတွေလည်းမရှိသေးဘူး၊ အရာအားလုံးကို သုညကနေစမယ်။ လုပ်စရာရှိတာတွေလုပ်ရမယ်။ လုပ်ဆောင်ရမယ့်အရာတွေကိုလည်း အဆင့်သင့်ပြင်ဆင်ထားပါတယ်’’ ဟု ချင်းလဲန်းကောင်စီအစိုးရအဖွဲ့တွင် ပါဝင်သည့်သူတဦးက ဆိုသည်။

လက်ရှိ ချင်းလဲန်းကောင်စီအစိုးရအဖွဲ့ကို ဦးဆောင်မည့်ဝန်ကြီးချုပ် ဦးပါထန်းမှာ မတူပီမြို့နယ် မဲဆန္ဒနယ်မှ၂၀၁၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊၂၀၂၀ခုနှစ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံထားရသည့် သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်သည်။