ကနီမြို့နယ် တာဝါတိုင်စခန်းကုန်းမှ စစ်ကောင်စီတပ်သားလက်နက်နှင့်အလင်းဝင်

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ကွမ်းပင်ရေ တာဝါတိုင်စခန်းကုန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားစည်သူ သည် ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တပ်သား စည်သူသည် မုံရွာမြို့အခြေစိုက် အဆင့်မြင့်ဆက်သွယ်ရေး တပ်ရင်း (အဆရ-၁၂)မှ ဖြစ်ပြီး စစ်သက် ၁၀ လ ရှိပြီဖြစ်ကြောင်း သိရသည်။

“ စရိတ်ငြိမ်း အလုပ်ရမယ်ဆိုလို့ မြို့တက်လာချိန် စစ်သားစုဆောင်းရေးနဲ့ တွေ့ပြီ စစ်ထဲရောက်သွားတာပါ။ မိခင်တပ်ရင်းကနေ ကနီဘက်တာဝန်ကျတဲ့ အချိန်ထွက်ပြေးလာတာပါ။ ထင်းခုတ်သမားတွေ အကူအညီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ရောက်ရှိလာတာဖြစ်တယ်” ဟု တပ်သား စည်သူက ဆိုသည်။

တပ်သား စည်သူသည် MA-11 သေနတ် တလက် ၊ ကျည်ဘောက် သုံးခု နှင့်အတူ စစ်သုံးပစ္စည်း အချို့ဖြင့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ရောက်ရှိလာခြင်းဖြစ်ပြီး ဆုကြေးငွေချီးမြှင့်ရန်လည်း ပြင်ဆင်နေကြောင်း KLG PDF ထံမှ သိရသည်။

“လက်နက် နှင့်အတူ အလင်းဝင်လာတဲ့ တပ်သားကို ဆုကြေးချီးမြှင့်ဖို့ တာဝန်ရှိသူတွေဆီ စာတင်ထားတယ်။ လက်ရှိမှာတော့ လုံခြုံစိတ်ချရတဲ့ နေရာတခုမှာ ထားရှိထားပြီး နေရပ်ပြန်ချင်တယ်ဆိုရင်လည်း အကုန်စီစဉ်ပေးသွားမှာ ဖြစ်တယ်” ဟု တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို ဒုက္ခအမျိုးစုံ ပေးနေသည့် စစ်ကောင်စီတပ် လက်အောက်တွင် အသက်အသေမခံကြဘဲ ကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက် အလင်းဝင်ကြရန် ကျောက်လုံးကြီး တပ်ဖွဲ့တာဝန်ရှိသူက တိုက်တွန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)