စာသင်ကျောင်းများတွင် စစ်ရေးလေ့ကျင့်မှုတိုးချဲ့ရန် တရုတ်အရှိန်မြှင့်

ဟောင်ကောင်ရှိ Stonecutter ကျွန်းရေတပ်စခန်းဖွင့်ပွဲတွင် တရုတ်စစ်တပ်မှ စစ်သားများ စွမ်းရည်သရုပ်ပြနေစဉ်(Photo:AFP)

VOA

တရုတ်သည် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန် စတင်နေပြီဖြစ်သောကြောင့် ယင်းသည် တက္ကသိုလ်များ၊ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများတွင်  စစ်ရေးလေ့ကျင့်မှု တိုးချဲ့ရန် ရည်ရွယ်ကြောင်း လေ့လာသူများကပြောသည်။ အဆိုပြုထားသော အပြောင်းအလဲများသည် မူလတန်းအရွယ်ကျောင်းသားငယ်များမှစ၍ ကာကွယ်ရေးပညာရေးကို မြှင့်တင်ရန်ဖြစ်သည်။

နိုင်ငံ၏ ဟန်ပြဥပဒေအဖွဲ့ဖြစ်သော တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၏အမြဲတမ်းကော်မတီသည် ပြီးခဲ့သောသီတင်းပတ်က ပြင်ဆင်မှုများအား ပထမအကြိမ် တင်ပြခဲ့သည်။ ပြင်ဆင်ချက်များနှင့်ပတ်သက်ပြီး မေလနှောင်းပိုင်းအထိ အများပြည်သူထင်မြင်ချက်ပေးရန် လမ်းဖွင့်ထားသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ပေးဖွယ်မရှိပေ။

ယခင်ဥပဒေဟောင်းသည် ပိုမိုပျော့ပျောင်းသော လမ်းညွှန်ချက်တခုဖြစ်ပြီး အထက်တန်းကျောင်းသားများနှင့် အဆင့်မြင့်သင်ကြားရေးအဖွဲ့အစည်းများမှ ကျောင်းသားများသည် ကျောင်းနေစဉ်အတွင်း အခြေခံစစ်ရေးလေ့ကျင့်မှု ခံယူသင့်ကြောင်း အဆိုပြုထားသော ဥပဒေပြင်ဆင်ချက်တွင်ဖော်ပြထားသည်။ အလယ်တန်းကျောင်းသားများလည်း စစ်ရေးလေ့ကျင့်မှု ခံယူခွင့်ရှိသည်ဟု ဆိုသည်။

ထို့ပြင် စစ်ရေးလေ့ကျင့်မှုများအတွက် တာဝန်ဝတ္တရားများကို ဗဟိုနှင့် ပါတီအာဏာပိုင်များ၊ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံတော်ကာကွယ်ရေးအဖွဲ့ကွန်မြူနစ်ပါတီ၏ ဗဟိုစစ်ကော်မရှင်တို့အပေါ် ညီညီမျှမျှ ခွဲပေးထားသည်။ ကျောင်းသားများအတွက် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် ဖွဲ့စည်းမှုတို့ အားကောင်းစေရေးလုပ်ဆောင်ရန် ဒေသဆိုင်ရာ စစ်အခြေစိုက်စခန်းများနှင့် ဗဟိုအာဏာပိုင်များကိုလည်း တိုက်တွန်းထားသည်။

ပြုပြင်ပြောင်းလဲမှုများသည် လူ့အဖွဲ့အစည်းအားလုံးအတွက် အမျိုးသားကာကွယ်ရေးအသိအမြင်နှင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကို ပြည်တွင်းနှင့်နိုင်ငံတကာအပြောင်းအလဲအသစ်များစွာနှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးရန် ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။

ပြင်ဆင်ချက်များသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အာဏာကို ခိုင်မြဲစေသော နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာပညာရေးအတွက် မိုမိုစနစ်ကျသောနည်းလမ်းအစိတ်အပိုင်းဖြစ်သည်ဟု the RAND Corp မှ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ပညာရှင် တီမိုသီဟိသ်ကပြောသည်။

သစ္စာစောင့်သိမှု ဥပဒေပြုရန် ကြိုးပမ်းမှုသည် နှေးကွေးနေသောစီးပွားရေး၊ အိမ်ခြံမြေဈေးကွက် ဆိုးရွားလာမှု၊ အကျင့်ပျက်ခြစားမှုနှင့် ရုံးကိစ္စမှားယွင်းပြုမူခြင်းများအကြား CCP အတွက် ထောက်ခံမှု ကျဆင်းနေခြင်း အဖြစ်မှန်ကို ပေါ်လွင်စေသည်ဟု ဟိသ်က ပြောသည်။

ဥပဒေသည် ပဋိပက္ခမြင့်တက်လာပုံပေါ်သော မဖြေရှင်းနိုင်သည့် နိုင်ငံတကာအခင်းအကျင်းများအပေါ် CCP ၏  စိုးရိမ်မှုကိုလည်း ထင်ဟပ်နေသည်။

Jamestown Foundation မှအကြီးတန်းပညာရှင်ဖြစ်သူ ဝီလျံလမ်က ရှီသည် ၂၀၁၂ ခုနှစ်တွင် တာဝန်ယူခဲ့ပြီးကတည်းက မျိုးချစ်စိတ်နှင့် အမျိုးသားကာကွယ်ရေးအသိကို အလေးပေးခဲ့ကြောင်း ပြောသည်။ တရုတ်ကုမ္ပဏီများနှင့် အစိုးရပိုင်လုပ်ငန်းများတွင် ပြည်သူ့စစ်ခေါ် တပ်ဖွဲ့များကို ဖွဲ့စည်းရန် ပြီးခဲ့သည့်နှစ်တွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

“ဒါတွေဟာ စစ်ရေးအကျပ်အတည်းအတွက် ပြည်သူတွေရဲ့ပြင်ဆင်မှု အားကောင်းလာစေဖို့ ရည်ရွယ်ပါတယ်” ဟု လမ်က ပြောကြားခဲ့သည်။

ဥပဒေပြင်ဆင်ချက်များကို မည်သည့်အချိန်တွင် အတည်ပြုမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ထိုအပြောင်းအလဲများသည် ပြီးခဲ့သောနှစ်အတွင်း တရုတ်၏ နိုင်ငံတော်လုံခြုံရေးလှုပ်ရှားမှုများ၏ နောက်ဆက်တွဲဖြစ်လာသည်။ ၎င်းတို့တွင် ယမန်နှစ်က ပြည်ပသူလျှိုတိုက်ဖျက်ရေးဆိုင်ရာပြင်ဆင်ချက်များခွင့်ပြုခြင်းနှင့် ဇန်နဝါရီလတွင် စတင်အသက်ဝင်ခဲ့သော မျိုးချစ်ပညာရေးဥပဒေအား ပြင်ဆင်ပြောင်းလဲခြင်းများ ပါဝင်သည်။

၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်ရေးအတွက် စွမ်းအင်ဖြည့်တင်းသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို အမေရိကန်တာဝန်ရှိသူများက လွန်ခဲ့သောနှစ်က အကြိမ်ကြိမ် သတိပြုမိခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေး အသိအမြင်ကို ပိုမိုအလေးထားခြင်းသည် ရှိရင်းစွဲ အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွကာ  ပြင်ပကမ္ဘာကို ရန်လိုမုန်းတီးခြင်း သို့မဟုတ် မလိုမုန်းထားမှုများကို ဖြစ်ပေါ်စေနိုင်ပြီး ယင်းက တရုတ်လူငယ်များကို စစ်မှုထမ်းရန် တွန်းအားဖြစ်စေနိုင်ကြောင်း လေ့လာသူများက ပြောဆိုကြသည်။

မြို့ပြလူငယ်များအတွက် အလုပ်လက်မဲ့နှုန်း မြင့်မားနေသော်လည်း လုံလောက်သော ပညာတတ်လူငယ် အရေအတွက် မရှိသည့် တရုတ်စစ်တပ်အတွက် ဤဥပဒေက လူသစ်စုဆောင်းမှု အားကောင်းစေရန် တစိတ်တပိုင်း ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဟိသ်က ဆိုသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာပညာရေးဥပဒေကို ၂၀၀၁ ခုနှစ်တွင် စတင်အတည်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ်က နောက်ဆုံးပြင်ဆင်ခဲ့သည်။