ပရီးမီးယားလိဂ်ရဲ့ တရာသီအတွင်း အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဟာလန်း ပါဝင်

By PKThawn

မန်ချက်စတာစီးတီး တိုက်စစ်မှူး ဟာလန်းဟာ နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ တရာသီအတွင်း အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရနိုင်ဖွယ်ရှိပါတယ်။

အသက် ၂၃ နှစ်အရွယ် နော်ဝေးလက်ရွေးစင်ဟာ စီးတီးအသင်းဖော် ဖီးလ် ဖိုဒန်နဲ့အတူ အဆိုပါဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မာတင်အိုဒီဂတ်နဲ့ ဒီကလန်ရိုက်၊ ချယ်လ်ဆီးတိုက်စစ်မှူး ကိုးလ်ပါလ်မာ၊ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်၊ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝပ်ကင်းနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်တို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ပရိသတ် မဲပေးရွေးချယ်မှုနဲ့ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့တို့ရဲ့ ဆုံးဖြတ်မှုဖြင့် ဆုရရှိသူကို မေလ ၁၈ ရက်မှာ ကြေညာမှာပါ။

ပရီးမီးယားလိဂ်ရဲ့ တရာသီအတွင်း အကောင်းဆုံး မန်နေဂျာဆုကို လေးကြိမ် ဆွတ်ခူးထားတဲ့ စီးတီး နည်းပြ ပက်ဂွာဒီယိုလာဟာ အာဆင်နယ် ရဲ့ အာတီတာ၊ လီဗာပူးလ်ရဲ့ ယာဂန်ကလော့ပ်၊ ဗီလာရဲ့ အူနိုင်း အမ်မရီနဲ့ ဘုန်းမောက်ရဲ့ အန်ဒိုနီ အိုင်ရာအိုလာတို့နဲ့အတူ ထပ်မံ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၃၆ ဂိုး သွင်းယူပြီးနောက် တရာသီအတွင်း အကောင်းဆုံး ကစားသမားဆုနဲ့ လူငယ်ကစားသမားဆုကို ရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

စီးတီးဟာ ဒီရာသီမှာ စံချိန်တင် လေးနှစ်ဆက် ချန်ပီယံဆုကို ရယူဖို့ရှိရာမှာ သူက ၂၅ ဂိုး သွင်းယူထားပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၀၆-၀၇ နဲ့ ၂၀၀၇-၀၈ ရာသီတွေမှာ နှစ်ရာသီဆက်တိုက် အကောင်းဆုံးဆုရရှိတဲ့ တဦးတည်းသော ကစားသမားဖြစ်ပါတယ်။

၂၀၂၃-၂၄ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း

ဟာလန်း(မန်စီးတီး)
ဖိုဒန် (မန်စီးတီး)
ဒီကလန်ရိုက် (အာဆင်နယ်)
မာတင်အိုဒီဂတ် (အာဆင်နယ်)
အလက်ဇန်းဒါးအီဆက် (နယူးကာဆယ်)
အိုလီဝပ်ကင်း (အက်စတွန်ဗီလာ)
ကိုးလ်ပါလ်မာ (ချယ်လ်ဆီး)
ဗန်ဒိုက်ခ်(လီဗာပူးလ်)

၂၀၂၃-၂၄ ပရီးမီးယားလိဂ် အကောင်းဆုံးမန်နေဂျာဆုအတွက် ဆန်ခါတင်စာရင်း

ပက်ဂွာဒီယိုလာ် (မန်စီးတီး)
မီကယ် အာတီတာ (အာဆင်နယ်)
ယာဂန်ကလော့ပ် (လီဗာပူးလ်)
အူနိုင်းအမ်မရီ (အက်စတွန်ဗီလာ)
အန်ဒိုနီ အိုင်ရာအိုလာ (ဘုန်းမောက်)

၂၀၂၃-၂၄ ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း

ဟာလန်း (မန်စီးတီး)
ဖိုဒန် (မန်စီးတီး)
ဘူကာယိုဆာကာ (အာဆင်နယ်)
ဝီလျံဆာလီဘာ (အာဆင်နယ်)၊
အလက်ဇန်းဒါးအီဆက် (နယူးကာဆယ်)
ကိုးလ်ပါလ်မာ (ချယ်လ်ဆီး)
မိုင်နိုး (မန်ယူ)
အူဒိုဂီ (တော့တင်ဟမ်)