အေးဂျင့်များအတွက် အခကြေးငွေ ပေါင် ၇၅ သန်းကျော်ကို ချယ်လ်ဆီး သုံးစွဲခဲ့

By PKThawn

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့အရောင်းအဝယ်ကာလအတွင်း အေးဂျင့်တွေနဲ့ ကြားခံတွေအတွက် အခကြေးငွေ ပေါင် ၇၅ သန်း (ဒေါ်လာ ၉၃ သန်း) ကျော် သုံးစွဲခဲ့တယ်လို့ Football Association (FA) က သောကြာနေ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေမှ အေးဂျင့်တွေအတွက် စုစုပေါင်းအသုံးစရိတ်မှာ ပေါင် ၄၀၉.၅၉ သန်းဖြစ်တယ်လို့ ၂၀၂၄ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ၁၂ လတာကာလအတွင်း ကိန်းဂဏန်းအချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

ယင်းမှာ ၂၀၂၂-၂၃ ရာသီက သုံးစွဲခဲ့တဲ့ ပေါင် ၃၁၈.၂ သန်းနဲ့ နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာပါတယ်။

မွိုက်ဆက်စ် ကိုင်စီဒို၊ ခရစ္စတိုဖာ အန်ကန်ကူ၊ ရိုမီယို လာဗီယာ၊ နီကိုလတ်စ် ဂျက်ခ်ဆင်နဲ့ ကိုးလ်ပါလ်မာ အပါအဝင် ကစားသမားတွေအတွက် အရောင်းအဝယ်ကာလအတွင်း ပေါင် ၇၅,၁၄၀,၅၂၄ ပေးချေပြီးနောက် ချယ်လ်ဆီးဟာ အဆိုပါစာရင်းမှာ ဦးဆောင်နေသူဖြစ်ပါတယ်။

သုံးစွဲစရိတ်များပေမယ့်လည်း မော်ရစ်စီယို ပိုချက်တီနိုရဲ့ တန်ဖိုးကြီးလူစာရင်းဟာ စိတ်ပျက်စရာ ပရီးမီးယားလိဂ်ရာသီတခုကို ဖြတ်သန်းနေရပြီး အတွေ့အကြုံမရှိတဲ့ လူငယ်တွေပါတဲ့ လီဗာပူးလ်အသင်းကို လိဂ်ဖလားဗိုလ်လုပွဲမှာ အရှုံးပေးခဲ့ရပါတယ်။

မန်ချက်စတာစီးတီးဟာ အရင်က ဒီစာရင်းမှာ အသုံးစရိတ်အများဆုံးအသင်းဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ အေးဂျင့်ကြေးပေါင် ၆၀.၆၃ သန်းဖြင့် ဒုတိယနေရာကို ဆင်းသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အေးဂျင့်တွေအတွက် ပေါင် ၃၄.၀၅ သန်း သုံးစွဲခဲ့ပြီး လီဗာပူးလ်က ပေါင် ၃၁.၅၀ သန်းနဲ့ အာဆင်နယ်ရဲ့ ကုန်ကျစရိတ်က ပေါင် ၂၄.၇၆ သန်းအထိ ရှိခဲ့ပါတယ်။

အရင်နှစ် play-offs ကတဆင့် ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့တဲ့ လူတန်အသင်းဟာ အနည်းဆုံး ပေါင် ၂.၀၂ သန်းဖြင့် ပေးချေခဲ့ရပါတယ်။

(AFP)