မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ခဲယမ်းများသိမ်းဆည်းရရှိ

ရုပ်သံအညွန်း။ ။ မြိုင်မြိုင်နယ် ဒေသခံမှားထံမှ လုယက်လာသော ကားများကို စစ်ကောင်စီတပ်မီးရှို့သည့်မြင်ကွင်း

ကိုခင်မောင်

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မြေပြင်မှ မိုင်းဆွဲပြီး ဝေဟင်မှလည်းဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သုံးဦးဒဏ်ရာရပြီး ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Pakokku People’s Defense Force( PPDF) မှ ယနေ့( မေလ ၉ရက် )ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ၈ရက်) မွန်းလွဲ ၁၂နာရီ ၃၀မိနစ်အချိန်တွင် မြိုင်-ပခုက္ကူမြို့နယ်အစပ်က ကန်တော်ရွာနှင့် ကံသစ်ရွာအကြားတွင် အင်အား ၁၀၀ခန့်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်များမှ မိုင်းသုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့်လည်း ဗုံးသီး၂၀လုံးဖြင့် ကြဲချတိုက်ခိုက်ခြင်းဟု PPDF တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

“စစ်ကောင်စီတပ်တွေ လာတဲ့လမ်းဖြတ်ဆွဲတာပါဗျ။ မိုင်းခွဲ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးနောက် သူတို့ဘက်က ရမ်းသန်းပစ်ခတ်တာလောက်ပဲ လုပ်နိုင်တယ်။ သူတို့ခိုးလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေကို မီးရှို့ထွက်ပြေးသွားကြတာပါ။” ဟု Pakokku People’s Defense Force တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီး နင်းမိုင်းတလုံး၊ G-3 ကျည် ၃၀ တောင့် ၊ ခွန်းဗုံးသီးနှစ်လုံး၊ ၄၀ ကျည် ၁၄လုံး၊ MA ကျည်ဘောက်သုံးခု၊ 5.56 ကျည် ၅၀ တောင့် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါစစ်ကြောင်းသည် မေလ ၈ရက်နေ့ နံနက် ၅နာရီ ၃၀မိနစ်တွင် မြိုင်မြို့နယ်ရှိ PDF စခန်းတခုနှင့် ကံသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ကျေးရွာကိုမီးရှို့ပြီး ပြည်သူ ၂၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း၊ ပြည်သူ့ပိုင် ပစ္စည်းများနှင့်ဆိုင်ကယ်များကို ခိုးယူသွားသော စစ်ကောင်စီတပ်စစ်ကြောင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှလေး ဦးဒဏ်ရာရရှိပြီး ခိုးယူလုယက်လာသော ကား၊ ဆိုင်ကယ်များနှင့်ပစ္စည်းများကို ယူဆောင်နိုင်ခြင်းမရှိတော့ဘဲ မီးရှို့ဖျက်ဆီးကာ ကန်တော်ရွာရှိ စစ်တပ်စခန်းအတွင်းသို့ ဆုတ်ခွာသွားကြောင်း ယင်းအဖွဲ့ကဆိုသည်။

ထို့နောက် ညနေ ၄ နာရီအချိန်တွင် ကန်တော်ရွာအထိုင်တပ်စခန်းမှ ပခုက္ကူမြို့ အခြေစိုက် အမှတ် (၁၀၁)ခြေမြန်တပ်မဌာနချုပ်သို့ စစ်ကားသုံးစီးဖြင့် ထပ်မံဆုတ်ခွာသွားကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို မြိုင် (ပကဖ)နှင့်ကမ္မတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု တပ်ခွဲ (၂)၊ ပခုက္ကူခရိုင် တပ်ရင်း (၁၀)၊ PDF ကမ္မ တပ်ခွဲ (၁)(၂)(၃)၊ တပ်ရင်း (၁၃) ၊ PKU (ပကဖ)၊ ၊The Red Revolvers၊ PKU Red Giant ၊ ကမ္မတပ်ပေါင်းစု၊ PKU Thurain ၊ DMG (ဓားမင်းကြီး)၊ Red Dragon၊ Black Cobra ၊ Kamma Underground ၊ Kamma People Defense Force (KMDF) နှင့် Pakokku People’s Defense Force တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)\
ရုပ်သံအညွန်း။ ။ မြိုင်မြိုင်နယ် ဒေသခံမှားထံမှ လုယက်လာသော ကားများကို စစ်ကောင်စီတပ်မီးရှို့သည့်မြင်ကွင်း