ရွှေဘိုမြို့မရဲစခန်းနှင့် တရားရုံးကို ဒရုန်းဖြင့်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

ရွှေဘိုမြို့မရဲစခန်းနှင့်တရားရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန်ပြင်ဆင်နေစဉ်။ (ပုံ -Flying Dragon Force)

ရောင်နီ

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ရဲစခန်းနှင့် တရားရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Flying Dragon Force တပ်ဖွဲ့တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

ရွှေဘိုမြို့ မြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးတို့ကို ယမန်နေ့ (မေလ ၁၆ ရက်) မွန်းလွဲ ၃ နာရီ ၂၈ မိနစ်အချိန်တွင် ဒရုန်း ငါးစီးဖြင့် ဗုံးသီး ငါးလုံး ကြဲချတိုက်ခိုက်ခြင်းဟု ဆိုသည်။

“ မြို့မရဲစခန်းကတော့ ဘန်ကာတွေနဲ့ လမ်းပိတ်ထားသလို မြို့နယ်တရားရုံးမှာလည်း ​ေ-ွးတပ် (စစ်ကောင်စီတပ်) အထိုင်ရှိပါတယ်။ အဲ့ဒီနေရာ နှစ်နေရာကို ဒရုန်း ငါးစီးနဲ့ ဗုံးသီး ငါးလုံး ကြဲချတာပါ” ဟု Flying Dragon Force တပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

“ သေဆုံးစာရင်းကိုတော့ မြို့တွင်း UG တပ်ဖွဲ့ကနေ တဆင့် အတည်ပြု သတင်းပေးပို့လာတာပါ။ မြို့မရဲစခန်းက စစ်ကောင်စီတပ်သားတွေ ပိုပြီး အထိအခိုက်များပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိသော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သို့သော် တိုက်ခိုက်မှုအတွင်း Drop For Justice – DFJ တပ်ဖွဲ့၏ Fixed Wings Drone တစီး နည်းပညာပိုင်း လိုအပ်ချက်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ ရှေ့ဆက်ပြီး နည်းပညာမြှင့်တင့်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြည်တွင်းပြည်ပက ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်” ဟု Flying Dragon Force တပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို)၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊ Drop For Justice – DFJ ၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားနှင့် သိင်္ခအားမာန်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)