တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပူတာအိုရှိ အင်ခါးဂါးစစ်ကောင်စီစခန်းကို စစ်ကောင်စီ စွန့်ခွာ

ပုံအညွှန်း- ၂၀၁၃ ခုနှစ်က စစ်ရှောင်ခဲ့ကြသော အင်ခါးဂါကျေးရွာသားများရဲ့ ပုံ (ဓာတ်ပုံ – Kachin waves)

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အင်ခါးဂါးစစ်ကောင်စီစခန်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စွန့်ခွာခဲ့ကြောင်း ဒေသခံများနှင့် KIA တာဝန်ရှိသူထံက သိရသည်။

ဆယ်စုနှစ် နီးပါးကြာ အထိုင်ချတပ်စွဲထားသည့် ထိုစစ်ကောင်စီစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့ ဦးရေ ၅၀ ဝန်းကျင်ရှိကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ကရက်က စခန်းကိုစွန့်ခွာခဲ့ခြင်းဖြစ်သည်။

ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ထိုစစ်ကောင်စီစခန်းမှ မစွန့်ခွာလျှင် လာရောက်ပစ်ခတ်မည်ဟု KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၇) က ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုသို့ စခန်းစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ပူတာအိုဒေသခံ ပြည်သူတဦးက ပြောသည်။

“အကုန် အရပ်ဝတ်နဲ့ ပြည်သူလိုမျိုး ပြန်သွားကြတာ။ ခုက မြို့ဘက်ကို လုံခြုံရေးပိုယူမယ့် သဘောရှိတယ်။ မချမ်းဘော့ကြိုးတံတားနားက နောင်ခိုင်စက်လှေဆိပ်ဘက်ကို စက်လှေမောင်းသမားတွေ လိုက်ပို့လိုက်ရတယ် ” ဟု ဒေသခံသတင်းရင်းမြစ်က အတည်ပြုသည်။

အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေ လေးစီးဖြင့် ပူတာအိုမြို့တပ်စခန်းဘက်သို့ ဆုတ်ခွာသွားကြောင်း ပူတာအိုမြို့ခံတဦးကလည်း မဇ္ဈိမ မြေပြင်သတင်းအဖွဲ့ကို ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ထိုစစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသည်မှာ မှန်ကန်ကြောင်း မဇ္ဈိမကို အတည်ပြုသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာမည်ကို ပူတာအို ဒေသခံများက စိုးရိမ်နေကြသည်။

” ဟိုရက်ကလည်း နတ်ကျွန်းသွားတဲ့ဘက်က သူတို့ စစ်တောင်မဖြစ်ဘဲ စခန်းစွန့်သွားတယ်လေ။ ပူတာအိုက တပ်မှာပဲ အကုန်သွားပေါင်းနေတယ်။ ခုက လေယာဥ်နဲ့ပဲ လာပစ်နေရတာကိုပဲ အားကိုးနေရတာဆိုတော့ မနှစ်ကလို ရက်ရှည်လာပစ်မှာ စိုးရိမ်နေရတယ်” ဟု ပူတာအိုဒေသခံ သတင်းရင်းမြစ်က အခုလို ဆိုသည်။

ပြီးခဲ့သည့်နှစ် အစောပိုင်းက ပူတာအိုခရိုင်အတွင်းရှိ ဆွမ်ပီယန်ဒေသဘက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တလကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ပွဲကာလတလျောက် နေ့စဥ်နီးပါး တိုက်ခိုက်ခဲ့ရာ ဆွမ်ပီယန်ကျေးရွာအပါအဝင် ရွာအများစု ထိခိုက်ပျက်စီးခဲ့ရသည်။

မချမ်းဘော့မြို့နယ်၊ အင်ခါးဂါးကျေးရွာတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ နှင့် ၂၉ ရက်နေ့၌ KIA နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ အင်ခါးဂါးကျေးရွာပြည်သူများနှင့် အနီးအနားရှိ အင်ဖီယန်၊ ဖာကန်ယန်၊ ဂ နိုင်ယန်ကျေးရွာများမှ ပြည်သူ ၁၅၀ ဦးခန့်သည် ပူတာအိုနှင့် မချမ်းဘော့မြို့သို့ စစ်ဘေးရှောင်ခဲ့ရသည်။

ထိုအချိန်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အင်ခါးဂါးကျေးရွာ ပြည်သူအချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသလို သတ်ဖြတ်ခံခဲ့သည်။ ဖမ်းဆီးနှိပ်စက်ခံရသူများတွင် သင်းအုပ်ဆရာတဦးလည်း ပါဝင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး