ရုရှထိုးစစ် အောင်မြင်မည်မဟုတ်ဟု နေတိုးထိပ်တန်းတပ်မှူးပြော

Photo:AFP

Politico

ယူကရိန်းတွင် ရုရှ၏ ဆင်နွှဲဆဲ ထိုးစစ်က ထိုးဖောက်ကျော်လွှားနိုင်မှု မရှိဘူးဟု ဥရောပဆိုင်ရာ နေတိုး မဟာမိတ် တပ်မှူးချုပ်က ကြာသပတေးနေ့တွင် ပြောသည်။

“မဟာဗျူဟာ ထိုးဖောက်မှုတွေကို လုပ်ဆောင်ဖို့ ရုရှမှာ လိုအပ်တာတွေ ရှိမနေတာကို ကျွန်တော် သိတယ်”ဟု ဘရပ်ဆဲလ်ရှိ နေတိုးရုံးချုပ်၌ မဟာမိတ် ကာကွယ်ရေးအကြီးအကဲများ တွေ့ဆုံမှုအပြီးတွင် ခရစ္စတိုဖာ ကာဗိုလီက သတင်းထောက်များအား ပြောသည်။

“ဒါကို လုပ်ဆောင်ဖို့ သူတို့မှာ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည် မရှိဘူး၊ မဟာဗျူဟာ ချီတက်မှုအတွက် ဘယ်လို ထိုးဖောက်မှုမျိုးကိုမဆို အပြည့်အဝ အသုံးချနိုင်စွမ်းလည်း မရှိဘူး”ဟု ယင်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပြောသော်လည်း “ဒေသတွင်း ချီတက်တာကို လုပ်ဆောင်ဖို့တော့ သူတို့မှာ စွမ်းဆောင်ရည် ရှိပါတယ်၊ ဒါမျိုး အချို့ကိုလည်း သူတို့ လုပ်ထားကြတယ်”ဟု ဖြည့်စွက်ဆိုသည်။

“ယူကရိန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလွန်နီးကပ်တဲ့ အဆက်အဆံ ရှိထားပြီး သူတို့ဟာ နယ်မြေကို ထိန်းထားနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်”ဟု ကာဗိုလီက သုံးသပ်ပြောဆိုသည်။

ယူကရိန်း၏ ရှေ့တန်းတလျှောက်တွင် ရုရှက ဖိထားလျက် ရှိနေပြီး ယူကရိန်း၏ ဒုတိယမြို့ ခါကိဗ်အနီး တိုက်ခိုက်မှုတရပ်ကို မကြာသေးခင်က ဆင်နွှဲခဲ့သော်လည်း ရုရှ၏ တင်းပြည့် နွေထိုးစစ်များက မရေရာ မသေချာဘူးဟု ကာဗိုလီက ဆိုသည်။

“ကျွန်တော်တို့ မမြင်မတွေ့ရတာက ရုရှရဲ့ ကြီးမားတဲ့ တပ်အင်အားကိုပဲ၊ အချို့နေရာတွေမှာတော့ အရန်တပ်အင်အားတွေ ရှိနေတယ်”ဟု ၎င်းက ပြောသည်။

ရုရှ၏ အားထုတ်မှုများက ခြေကုန်လက်ပန်း ကျနေပြီလားဆိုခြင်းကို သိရှိရန် ခက်ခဲကြောင်း ကာဗိုလီက ပြောသည်။ “ထိုးစစ်တရပ်က ရပ်နေပြီလား ဒါမှမဟုတ် အချိန်မရှိတော့ဘူးလားဆိုတာ ပြောဖို့ ခက်တယ်”ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် လအတော်ကြာ နှောင့်နှေးနေသည့် ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံကို အမေရိကန်လွှတ်တော်က သဘောတူလိုက်ခြင်းနှင့်အတူ ယူကရိန်းသည် လက်ရှိ၌ ခဲယမ်းလက်နက် အမြောက်အမြား၊ တာတိုလေကြောင်းကာကွယ်ရေးစနစ်များနှင့် သံချပ်ကာယာဉ် အမြောက်အမြားကို ရရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ယူကရိန်းအား စီးနင်းနိုင်ရေး၌ ရုရှက အရေးနိမ့်နေသော်လည်း လျှော့တော့ မတွက်သင့်ပေ။ တိုက်ပွဲနှစ်နှစ်ကျော်ကြာ၌ ရုရှသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုထုတ်လုပ်မှုကဲ့သို့သော နယ်ပယ်များတွင် တိုးတက်ကောင်းမွန်ခဲ့သည်။ “ဒီနယ်ပယ်တွေမှာ သူတို့က ဥရောပနဲ့ မြောက်အမေရိကက ကျွန်တော်တို့တွေထက် မြန်မြန်ဆန်ဆန် ရှေ့ရောက်နေတယ်”ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှာပင် နေတိုးစစ်ကော်မတီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ်ဘူယားက ပြောသည်။

ရုရှသည် အရန်တပ်ဖွဲ့များကို စုစည်းရန် စီစဉ်ခဲ့သော်လည်း “စစ်ပွဲအစတွင် တာဝန်ရှိသူ တော်တော်များများ ကျဆုံးပြီး” စစ်သားသစ်များအား လေ့ကျင့်သင်ကြား မပေးနိုင်သဖြင့် “တပ်များ၏ အရည်အသွေးမှာ ပဋိပက္ခ စတင်ချိန်က တပ်များထက် နိမ့်ကျလျက် ရှိသည်”ဟု ၎င်းက ပြောသည်။

ကြာသပတေးနေ့ အစည်းအဝေး၏ အဓိက အကြောင်းအရာမှာ မဟာမိတ်အဖွဲ့၏ ကာကွယ်ရေးစီမံကိန်းများ အားကောင်းခိုင်မာရေး ဆွေးနွေးရန် ဖြစ်သည်။

“လက်ရှိအပြင် အနာဂတ်က ခြိမ်းခြောက်မှုတွေကိုပါ ကျွန်တော်တို့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတာ ကျိန်းသေစေတယ်”ဟု ဘူယားက ဆိုသည်။

ယခု အစည်းအဝေးသည် ယူကရိန်း-နေတိုးကောင်စီက ယူကရိန်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အန်နာတိုလေး ဘာဟိုင်လီဗစ်ရှ်နှင့် တွေ့ဆုံပြီးနောက် ကျင်းပခြင်းပဲ ဖြစ်သည်။