တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးရန် ပါကစ္စတန်ကို တရုတ်ဖိအားပေး

VOA:-

တရုတ်နိုင်ငံသည် ပါကစ္စတန်နှင့် ခိုင်မာသော ဆက်ဆံရေးထူထောင်နိုင်မှုကို ချီးကျူးခဲ့ပြီး အိမ်နီးချင်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ပေကျင်းမြို့၌ မေ ၁၅ ရက်တွင် ပြုလုပ်သည့် နှစ်နိုင်ငံမဟာဗျူဟာ ဆွေးနွေးပွဲတွင် ကတိပြုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်အဖြစ် တွဲဖက်တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားရေးဝန်ကြီး အစ္စဟက်ဒါနှင့် တရားဝင်တွေဆုံဆွေးနွေးမှုအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ထပ်မံကတိပြုခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အသေခံကားဗုံးဖောက်ခွဲမှုကြောင့် ရေအားလျှပ်စစ်စီမံကိန်းတွင် လုပ်ကိုင်နေသော တရုတ်အင်ဂျင်နီယာငါးဦးနှင့် ၎င်းတို့၏ ဒေသခံကားဒရိုင်ဘာတို့ သေဆုံးခဲ့ပြီးနောက် ရက်သတ္တပတ်များအကြာတွင် ပြုလုပ်သည့် ယင်းသတင်းစာရှင်းလင်းပွဲကို ပါကစ္စတန်နိုင်ငံပိုင်သတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

မတ် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို အာဖဂန်နစ္စတန်အခြေစိုက် အကြမ်းဖက်သမားများက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံသားတဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟု ပါကစ္စတန်စစ်တပ်က ယခုလအတွင်း ပြောကြားခဲ့သည်။

ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရန်နှင့် တရားမျှတမှု ရရှိရေး ဆောင်ရွက်ရန် အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဘက်က ကတိပြုခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။ ပါကစ္စတန်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ် ဝန်ထမ်းများ၊ စီမံကိန်းများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အာမခံပြီး တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ စိုးရိမ်မှုများကို ဖြေဖျောက်နိုင်ရေး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ဝမ်ယိ၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။

ဝမ်ယိနှင့် တွေ့ဆုံစဉ် အာဖဂန်နစ္စတန်၏ အခြေအနေကို ပြန်လည်သုံးသပ်ခဲ့ကြောင်းနှင့် စစ်ပွဲဒဏ်ခံစားနေရ သည့် အိမ်နီးချင်းနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပမ်းဆက်သွယ်ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့အတွက် အရေးပါကြောင်း နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြသည်ဟု ပါစ္စတန်ဝန်ကြီး အစ္စဟက်ဒါက ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုနှင့် အခြားတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် တီရစ်-အီ-တာလီဘန်ပါကစ္စတန်(TTP) ခေါ် ပါကစ္စတန်တာလီဘန်အဖွဲ့ ရှိနေပြီး ၎င်းအဖွဲ့ကို အာဖဂန်နစ္စတန်ရှိ တာလီဘန်အာဏာပိုင်များက ကူညီနေကြောင်း ပါကစ္စတန်ဘက်က စွပ်စွဲထားသည်။ တရုတ်ဝန်ထမ်းများကို တိုက်ခိုက်ရာတွင် အာဖဂန်မြေကို အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို အာဖဂန်နစ္စတန်ရှိ အာဏာရ တာလီဘန်ခေါင်းဆောင်များက ပယ်ချထားသည်။

ဝမ်ယိကမူ အာဖဂန်နစ္စတန်ဟု ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိသော်လည်း တရုတ်အနေဖြင့် ပါကစ္စတန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ခြိမ်းခြောက်မှုများကို စုပေါင်းတိုက်ဖျက်ပြီး အကြမ်းဖက်မှုအားပေးရာနေရာများကို အမြစ်ဖြတ်ချေမှုန်းသွားရန် ဝမ်ယိက တိုက်တွန်းခဲ့သည်။

အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များ ထွက်ခွာသွားအပြီး အာဖဂန်နစ္စတန်တွင် ပေါ်ပေါက်လာသည့် အာဏာလေဟာနယ်များကြောင့် TTP အပါအဝင် နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့များ ပြန်လည်ခေါင်းထောင်လာရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာနေကြောင်း သတိပေးထားသည့် အစီရင်ခံစာသစ်တစောင် ထွက်ပေါ်လာပြီး တရက်အကြာတွင် တရုတ်-ပါကစ္စတန်ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC)ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံ တိုးမြှင့်သွားရန်နှင့် ချဲ့ထွင်သွားရန် နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြသည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC)ဆိုင်ရာ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေများကြောင့် ငွေကြေးအကျပ်အတည်းကြုံနေရသော ပါကစ္စတန်၏ စီးပွားရေးစိန်ခေါ်မှုများ ပိုမိုဆိုရွားလာကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ပါကစ္စတန်သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒေါ်လာ သုံးဘီလီယံ ချေးငွေအကူအညီပေးခဲ့၍သာ ယမန်နှစ်တွင် ပြည်ပကြွေးမြီ ပြန်ဆပ်ရန် ပျက်ကွက်မည့် အခြေအနေကို သီသီလေး ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။