တရုတ်၏ နည်းပညာ အာဏာရှင်ဝါဒ 

Institut EGA

နည်းပညာ ထွန်းကားလာခြင်းသည် ကုန်သွယ်ရေးနှင့် မဟာဗျူဟာ အကျိုးအမြတ်အတွက် လုံးပမ်းနေသော နောက်ခံရှိသည့် တရုတ်နိုင်ငံအတွက် ဒီဂျစ်တယ် အခြေခံအဆောက်အအုံများ အဓိက ထောက်ပံ့သူအဖြစ်သို့ ထွက်ပေါ်လာစေသည်။ တရုတ်၏ ၂၀၂၁ ငါးနှစ်စီမံကိန်းသည် ကွမ်တမ်ကွန်ပျူတာ၊ မျိုးဆက်သစ် ဉာဏ်ရည်တု AI၊ ဘက်စုံသုံး chips၊ ဦးနှောက်သိပ္ပံ၊ မျိုးဗီဇနှင့် ဇီဝနည်းပညာကဲ့သို့သော နည်းပညာနယ်ပယ် အတိုင်းအတာကို အလွန်ကို ဦးစားပေးထားသည်။

သို့ရာတွင် တရုတ်၏ နည်းပညာ အာဏာရှင်ဝါဒ စနစ်သည် အချို့သော နိုင်ငံများအတွက် သိသာထင်ရှားသော စိုးရိမ်ပူပန်မှုအဖြစ် ထွက်ပေါ်လာတော့သည်။ မကြာသေးသောနှစ်များအတွင်း တရုတ်သည် ဉာဏ်ရည်တု၊ ထောက်လှမ်းရေးနည်းပညာနှင့် ဒီဂျစ်တယ် အခြေခံ အဆောက်အအုံများတွင် ၎င်း၏ တိုးတက်မှုကို အားယူကာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာ လွှမ်းမိုးမှုကို အာသာပြင်းပြင်း ချဲ့ထွင်လာသည်။ ထိုသို့ ချဲ့ထွင်မှုက စီးပွားရေးအတွက် သက်သက်သာ မဟုတ်ဘဲ မဟာဗျူဟာနှင့် နိုင်ငံရေး ရည်မှန်းချက်များ နက်ရှိုင်းစွာ ဆက်နွယ်နေသည်။ ဒီမိုကရေစီ နိုင်ငံကြီးများမှ ရွေးကောက်ပွဲများကို ခြယ်လှယ်ခြင်းမှသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထောက်လှမ်းရေးစနစ်များ မြုပ်နှံခြင်းအထိ တရုတ်၏ နည်းပညာ အာဏာရှင်ဝါဒသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် အချုပ်အခြာအာဏာအပေါ် သိသိသာသာ ဂယက်ရိုက်ခတ်နေတော့သည်။ ထို နည်းပညာများ ကျယ်ပြန့်လာမှုက လွှမ်းမိုးခံ နှစ်မျိုးစပ် ခိုင်မာမှု မရှိသည့် ဒီမိုကရေစီနိုင်ငံများအတွက် ပူပန်စရာများ စုပုံစေပြီး ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရက်တစ် ဆုတ်ကပ်ကို တွန်းပို့နေသည်။

တရုတ်၏ နည်းပညာအာဏာရှင်ဝါဒပုံစံ

တရုတ်သည် ၎င်း၏ နည်းပညာအာဏာရှင်ဝါဒပုံစံကို အခြားသော နိုင်ငံများသို့လည်း ဆန္ဒပြင်းပြစွာ ကူးစက်စေသည်။ ထွန်းသစ်စ နည်းပညာက တရုတ်အား နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်တွင်းရေးတို့ကို လွှမ်းမိုးနိုင်အောင် ထောက်ကူပေးနေသည်။ ရလဒ်အားဖြင့် ယင်းနိုင်ငံ၏ မူဝါဒများအပေါ် ထိန်းချုပ်ချဲ့ထွင်စေနိုင်ခြင်းပဲ ဖြစ်သည်။ ဉာဏ်ရည်တု AI ဖြင့် ထုတ်လုပ်သော ဗီဒီယိုတုများနှင့် ပရိုဖိုင်များမှတဆင့် အစိုးရ လှုပ်ရှားဆောင်ရွက်မှုများအကြောင်းကို သတင်းမှား ပေးခြင်းဖြင့် တရုတ်သည် အိန္ဒိယနှင့် အမေရိကန်တို့၏ ယခုနှစ် ရွေးကောက်ပွဲများကို နှောင့်ယှက်ရန် AI ကို သုံးနေကြောင်း မိုက်ခရိုဆော့ဖ်က သတင်းဖော်ပြခဲ့သည်။ ထိုင်ဝမ်တွင် တရုတ်၏ beta-tested စမ်းသပ်မှု ဖြစ်သော အလားတူ စီမံကိန်းကလည်း သမ္မတရွေးကောက်ပွဲများကို အနှောင့်အယှက် ပေးခဲ့သည်။ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်ကျွန်းများနှင့် အမေရိကန် ကာကွယ်ရေး စက်မှုအခြေစိုက်စခန်းများတွင် တရုတ်က ၎င်း၏ မဟာဗျူဟာ အကျိုးစီးပွားအရ ရွေးကောက်ပွဲများကို AI သုံး နှောင့်ယှက်နေခြင်း ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က ဖော်ပြသည်။

တရုတ်၏ မဟာဗျူဟာမှာ ဖိနှိပ်ချုပ်ချယ်နိုင်သော ထောက်လှမ်းရေးကရိယာများ တောင်းခံသည့် အမျိုးမျိုးသော အစိုးရများအတွက် ထောက်ပံ့ပေးခြင်းပဲ ဖြစ်သည်။ ထို ထောက်လှမ်းရေးမော်ဒယ်များအား ကနဦး အသုံးပြုကြသည်က ဇင်ဘာဘွေနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ ဖြစ်သည်။ တရုတ်၏ Great Firewall ကို စီးပွားရေးသုံးအဖြစ် လက်ခံရရှိကြောင်း အဆိုပါ နိုင်ငံများက မှတ်ချက်ပြု ပြောဆိုထားသည်။ ဒီဂျစ်တယ် ပိုးလမ်းမကြီးကဲ့သို့သော စဦးလှုပ်ရှားမှုကလည်း ပို၍ ထိန်းချုပ်နိုင်ရေး အစိုးရ ကြပ်မတ်သည့် အင်တာနက်အတွက် တရုတ်၏ hardware၊ software နှင့် service များ တင်ပို့ခြင်းမှသည် ဒီဂျစ်တယ် အာဏာရှင်ဝါဒကို တိုး၍ အထောက်အကူ ပြုနေသည်။ ဆော်ဒီအာရေဗျ၊ ဆီးရီးယားနှင့် မော်ရိုကိုကဲ့သို့သော အာရပ်နိုင်ငံများက တရုတ် နည်းပညာအာဏာရှင်ဝါဒပုံစံကို တက်ကြွစွာ ကူးယူကျင့်သုံးလျက် ရှိသည်။ အီဂျစ်မှ သာဓကများသည် ဒေသတွင်း ဝီဂါတို့အား စောင့်ကြည့်ခြေရာခံရန် တရုတ်က Dahua နှင့် Hikvision ကုမ္ပဏီတို့၏ စောင့်ကြည့်ကရိယာများကို မည်သို့ သုံးစွဲနေကြောင်းကို ပြသလျက် ရှိသည်။ ၂၀၁၉ တွင် ဥဇဘတ်ကစ္စတန်အစိုးရသည် “ဒီဂျစ်တယ်အားဖြင့် နိုင်ငံရေးရာများ စီမံခန့်ခွဲမှု” လုပ်နိုင်အောင် Tashkent မြို့တွင် “ဘေးကင်းသော မြို့” ဖန်တီးရေး ထောက်လှမ်းရေးကင်မရာပေါင်း ၈၈၃ လုံး ဝယ်ယူခဲ့သည်။

ကံဆိုးစွာပင် ထောက်လှမ်းရေးကရိယာများအား သင့်တော်သလို သုံးနိုင်ရေး တရုတ်၏ ကြိုးပမ်းမှုတွင် အချို့သော နည်းပညာကုမ္ပဏီများ၌ အရှုပ်အရှင်း ရှိနေသည်။ မကြာသေးခင်အချိန်အထိ အမေရိကန် အခြေစိုက် ဇီဝဆေးပညာ ကုမ္ပဏီ Thermo Fisher Scientific သည် မျိုးဗီဇ ထောက်လှမ်းခြင်း နည်းပညာများကို တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှင်ကျန်းဒေသတို့ရှိ တရုတ်ရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့သည်။ ၂၀၀၆ မှ ၂၀၂၁ ကြားတွင် ဟွာဝေးကဲ့သို့သော အကြီးစား တရုတ်ကုမ္ပဏီများသည် cloud အခြေခံအဆောက်အအုံ ၇၀ နှင့် အစိုးရနှင့် နိုင်ငံပိုင် လုပ်ငန်း ၄၁ ခုနှင့် အီလက်ထရောနစ် အစိုးရ ချိတ်ဆက်မှုကို အပြီးသတ် ဖော်ဆောင်ခဲ့သည်။ အဆိုပါ နိုင်ငံများ အများစုသည် “မလွတ်လပ်သော” သို့မဟုတ် “တစိတ်တဒေသသာ လွတ်လပ်သော” နိုင်ငံများအဖြစ် အဆင့်သတ်မှတ်ခံရသော်လည်း တရုတ်အတွက်မူ အားကောင်းသော ဝယ်လိုအားကို ရရှိကာ ဝင်ရောက်ခွင့် အတားအဆီးများ နည်းပါးပြီး စေ့စပ်စစ်ဆေးခံရမှု လျော့နည်းစေခဲ့သည်။

စူးအက်တူးမြောင်း ရှိရာ အီဂျစ်၊ အိန္ဒိယနှင့် ထိစပ်နေသော ပါကစ္စတန်၊ ဝီဂါမွတ်စလင်များအား တရုတ်၏ ဖြိုခွင်းမှုကို ထောက်ခံသည့် ဆော်ဒီအာရေဗျကဲ့သို့သော ဒေသများ၌ တရုတ်နည်းပညာ ကျယ်ပြန့်စွာ အသုံးပြုလာကြပြီး မဟာဗျူဟာ အကျိုးစီးပွားပေါ် အခြေခံသော ရှုတ်ထွေးသည့် ကျယ်ပြန့်မှုအဖြစ် အာဖရိကသမဂ္ဂက မှတ်ချက်ပြုသည်။ တရုတ်၏ ဒီဂျစ်တယ်နည်းပညာအား အလွဲသုံးခြင်းသည် ကမ္ဘာသူကမ္ဘာသားများကြား ၎င်း၏ ပုံရိပ်ကောင်း ထွက်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခြင်းအဖြစ်လည်း ရှုမြင်ရသည်။ တရုတ်ကုမ္ပဏီ TikTok တွင် #Xinjing ဟု ရိုက်ထည့်ပါက ဝီဂါများ ကခုန်နေသည့် တော်တော်များများ အကောင်းမြင်စရာ ဗီဒီယိုများကိုပဲ ပြသပြီး ဝီဂါစခန်းများ၊ နိုင်ငံ၏ စောင့်ကြည့်ခြင်းနှင့် လူ့အခွင့်အရေး ဒုက္ခများကို မြင်တွေ့ရရန် ခဲယဉ်းကြောင်း အမေရိကန်ကွန်ဂရက်က မှတ်ချက်ချသည်။

ဒီဂျစ်တယ် အမှီသဟဲပြုမူ ကြီးထွားခြင်း

စီးပွားရေးအမြင် ထက်မြက်မှုနှင့် တပါတည်း တရုတ်၏ နည်းပညာ တိုးတက်မှုသည် ဖွံဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအောက် နိုင်ငံအချို့၏ ဒီဂျစ်တယ် အမှီသဟဲပြုမူကို ကြီးထွားစေသည်။ ၂၀၁၂ ဇန်နဝါရီမှ  ၂၀၁၇ ဇန်နဝါရီကြားတွင် အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာရှိ အာဖရိကသမဂ္ဂ ရုံးချုပ်ရှိ တရုတ်တပ်ဆင်သော ဆာဗာများမှ အချက်အလက် ပမာဏ အမြောက်အမြားကို ရှန်ဟိုင်းရှိ လက်ခံရာ မသိရသော ဆာဗာများဆီ ညစဉ်ညတိုင်း လွှဲပြောင်းပေးပို့ကြောင်း ၂၀၁၈ ဇန်နဝါရီတွင် ပြင်သစ် Le Monde သတင်းက ရေးသားသည်။ အချက်အလက်များ ခိုးယူခြင်းနှင့် စောင့်ကြည့်မှုများ လုပ်ဆောင်နေသည်ဆိုသော စွပ်စွဲချက်များကို တရုတ်က ငြင်းဆန်သော်လည်း အာဖရိကသမဂ္ဂသည် ယင်းကို ဖော်ထုတ်တွေ့ရှိပြီးနောက် တနှစ်အထိ တရုတ် စောင့်ကြည့်မှု လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခဲ့ကြောင်း ယူဆရသည်။ အာဖရိက မူဝါဒကျွမ်းကျင်သူ အများစုက ယခု ကိစ္စကို စိတ်ပူစရာအဖြစ် အသံလွှင့်ခဲ့သော်လည်း စီးပွားရေးမိတ်ဖက်မှ နိုင်ငံရေးစွက်ဖက်သူအဖြစ် တရုတ်၏ ပြောင်းလဲမှုကို အသံမဟကြသဖြင့် တရုတ်အကျိုးစီးပွားအပေါ် အာဖရိကအဓိကဇာတ်ဆောင်များက အမှီသဟဲပြုနေရသည်ကို မီးမောင်းထိုးပြလျက် ရှိသည်။

အလားတူပင် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်ပြီး တရုတ်-ပါကစ္စတန် တင်ပို့မှုများ မြင့်တက်နေသည်ကို တာဝန်ရှိသူအချို့က ဖော်ထုတ်ရာ တရုတ်နည်းပညာအပေါ် အမှီသဟဲပြုရမှု၏ ဂယက်ရိုက်ခတ်မှုအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်စေသည်။ ၂၀၂၄ မတ်လအတွင်း၌ ပါကစ္စတန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းအတွက် ဖြစ်နိုင်သော Computer Numerical Control စက် (CNC စက်) ပါရှိသည် ယူဆရသည့် မော်လ်တာအခြေစိုက် ကရာချိသို့ ဦးတည်သည့် သင်္ဘောတစင်းကို အိန္ဒိယတာဝန်ရှိသူများက တားမြစ်ခဲ့ရသည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ CNC စက်သည် သမရိုးကျ လက်နက်များနှင့် နှစ်မျိုးသုံး ကုန်ပစ္စည်းနှင့် နည်းပညာများ ဖောဖောသီသီ ပေါများခြင်းအား ထိန်းချုပ်ရန် ရည်ရွယ်သည့် ဘက်စုံပို့ကုန်ထိန်းချုပ်စနစ် Wassenaar Arrangement တွင် ပါရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့သော စက်ပစ္စည်းများအား မတည်မငြိမ်ဖြစ်အောင် ဝယ်ယူစုဆောင်းမှုကို ဟန့်တားနိုင်ရေး နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို လက်ရှိတွင် တရုတ်က မထီမဲ့မြင် ပြုနေသည်။ အခြားသော စောင့်ကြည့်ကရိယာများနှင့် အထောက်အကူပြု နည်းပညာများကို တရုတ်၏ ခါးပတ်နှင့် ရပ်ဝန်း စီမံကိန်း BRI အောက်တွင် ပါကစ္စတန်အတွက် “ဘေးကင်းသော မြို့များ” ဖန်တီးနိုင်ရေး လက်ဆင့်ကမ်းပေးရာ ပါကစ္စတန်သည် တရုတ်၏ မဟာဗျူဟာ အကျိုးစီးပွားနှင့်အတူ ၎င်း၏ မူဝါဒများကို ဆက်လက်ချိန်ညှိသွားလိမ့်မည်ဟု ပူပန်မှုများ မြင့်မားစေသည်။

တရုတ်၏ နည်းပညာအာဏာရှင်ဝါဒသည် အရှေ့တောင်အာရှ၌ အိန္ဒိယ၏ ကြီးထွားလာသော အင်အားကို ဆက်လက် ထောက်လှမ်းစုံစမ်းရန် နည်းလမ်းတရပ်လည်း ဖြစ်သည်။ ၂၀၁၉ က အိန္ဒိယသည် ၎င်း၏ ခေတ်မီ နျူကလီးယား အသင့်ရှိ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် “Agni-V ICBM” ကို စမ်းသပ်ခဲ့ပြီး နှစ်လအကြာတွင် တရုတ်သည် ပါကစ္စတန်အား ၎င်းတို့၏ ဒုံးကျည်စီမံကိန်းအတွက် အကြီးစား မြင်ကွင်းခြေရာခံမှုနှင့် တိုင်းတာမှုစနစ်ကို ရောင်းချခဲ့သည်။ ထိုအတွက် တရုတ်သည် ယင်းအချိန်က ပါကစ္စတန်အား ထိခိုက်မခံသော နည်းပညာများ တင်ပို့သည် ပထမဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ ထိုပြင် ရုရှဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Kaspersky ၏ “၂၀၂၂ အတွင်း ဆိုင်ဘာခြိမ်းခြောက်မှုရှိသော ဘဏ္ဍာရေးအဖွဲ့အစည်းများ” ဆိုသည့် အစီရင်ခံစာတွင် ကာလရှည် ပုန်းလျိုးကွယ်လျိုး ရှိအောင် ဒီဇိုင်းဆွဲထားသည့် ခေတ်မီ အဆက်မပြတ် ခြိမ်းခြောက်မှု APT ဆိုသော ဆိုင်ဘာတိုက်ခိုက်မှု၏ ထိပ်တန်းပစ်မှတ်ငါးခုအဖြစ် အိန္ဒိယကို ဖော်ပြထားသည်။

အိန္ဒိယ၏ တရုတ်နည်းပညာနှင့် gadgets များအား ဖြိုခွင်းခြင်းနှင့်အတူ “Make in India” လှုပ်ရှားမှုနောက်၌ တရုတ်၏ နည်းပညာအား အသုံးချသော ရည်ရွယ်ချက်သည် အိန္ဒိယနိုင်ငံအတွင်း စီးပွားရေး အရေးထားမှုမှ မဟာဗျူဟာနှင့် လုံခြုံရေး အရေးထားမှုဆီ ရွှေ့ပြောင်းခဲ့သည်။ တရုတ်၏ ‘ကိုယ်ဘာသာကို အင်အားတောင့်ရေး” ရည်မှန်းချက်များက မိတ်ဖက်များအတွက် ဆုံးရှုံးရမှုများ ဖြစ်စေသည်။ ပါကစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အိန္ဒိယ၏ အဟန့်အတားကို ရှောင်ရှားရန် တရုတ်က ရည်မှန်းသည်။ အဆိုပါ ပါကစ္စတန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုအား ကာလရှည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်း (CPEC 2017-2030) အောက်၌ ဒီဂျစ်တယ်နှင့် ဆိုင်ဘာအော်ပရေးရှင်းများ၏ တစိတ်တပိုင်းအဖြစ် မှတ်ချက်ပြုထားသည်။

ဆိုင်ဘာ လှုပ်ရှားဆောင်ရွက်မှုများ၌ တရုတ်နှင့် ပါကစ္စတန်ကြားက ပူးပေါင်းဆောင်ရွက်မှုသည်  နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာအားဖြင့် အမြတ်ထွက်မှုပဲ ဖြစ်သည်။ တွစ်တာနှင့် ဖေ့ဘုတ်ကဲ့သို့သော mainstream လူမှုမီဒီယာများကို တားမြစ်ပြီး ပြည်သူလူထုကြား အင်္ဂလိပ်နှင့်  ဟင်ဒီဘာသာစကား ကျွမ်းကျင်မှုကို ကန့်သတ်သော တရုတ်သည် ပါကစ္စတန်အား အိန္ဒိယဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် တိုက်ရိုက်ဖော်ဆောင်မှုကို ရှောင်ရှားနိုင်ရန် လမ်းဖွင့်ပေးသည်။ ပါကစ္စတန်အတွက်က မိတ်ဖက်ပြုမှုသည် တရုတ်နှင့် မဟာဗျူဟာ ဆက်ဆံရေးကို ခိုင်မြဲစေပြီး မရနိုင်လောက်သော ခေတ်မီဆိုင်ဘာစွမ်းဆောင်ရည် ရရှိအောင် လမ်းဖွင့်ပေးသည်။ နှစ်နိုင်ငံကြားက ပူးပေါင်းဆောင်ရွက်မှုသညည် APT တိုက်ခိုက်မှုကဲ့သို့သော မလိုမုန်းထားသည့် ဆိုင်ဘာလှုပ်ရှားမှုများအထိ ကျယ်ပြန့်သွားနိုင်ပြီး အရေးပါသော ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအချက်အလက်များကို ရယူရန် ချိန်ရွယ်သည်။ ၂၀၁၆ မှစတင်ကာ ဖြားယောင်းသော တိုက်ခိုက်မှုများဖြင့်  အိန္ဒိယကာကွယ်ရေးကွန်ရက်ကို ပစ်မှတ်ထားသည့် APT36 ၏ “Operation Sidecopy” ကဲ့သို့သော ဆိုင်ဘာလှုပ်ရှားမှုများတွင် တရုတ်က ပါကစ္စတန်အား ထောက်ပံ့ပေးနေသည်ဟု အိန္ဒိယ ဆိုင်ဘာလုံခြုံရေး သုတေသီများက သံသယ ရှိထားကြသည်။

နိုင်ငံအသီးသီးနှင့် လက်မှတ်ရေးထိုးထားသော သိပ္ပံနှင့် နည်းပညာ သဘောတူညီချက် (STAs) အချို့က နေရာအနှံ့ ပျံ့နှံ့သော နည်းပညာအင်အား ရှိနေသည့် တရုတ်၏ အခန်းကဏ္ဍကို နောက်ထပ် သက်သေထူနေသည်။ လက်ရှိတွင် တရုတ်သည် အစိုးရချင်း သဘောတူသော STAs ခန့်မှန်း ၁၁၄ ခုကို လက်မှတ်ထိုးထားပြီး သိပ္ပံနှင့် နည်းပညာနှင့်ဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုပေါင်း ၁၆၀ ရှိထားသည်။ ထိုပြင် နိုင်ငံ ၅၂ နိုင်ငံနှင့်လည်း “ဘေးကင်းသော မြို့ပြ” စီမံကိန်းများအတွက် သဘောတူညီမှုပေါင်း ၇၃ ခုခန့် ရှိထားကာ အများစုမှာ ပါကစ္စတန်နှင့် လက်မှတ်ထိုးထားခြင်း ဖြစ်သည်။ တရုတ်သည် စောင့်ကြည့်ထောက်လှမ်းမှု နည်းပညာအတွက် အရေးပါသော semiconductors များ ကမ္ဘာ့အများဆုံး ထုတ်လုပ်ရာနှင့် ပေးသွင်းရာ နိုင်ငံလည်းပဲ ဖြစ်သည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်း OECD နိုင်ငံများအပြင် BRI စီမံကိန်းများ ရှိနေရာ နိင်ငံများမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုဆီ ပို၍ ဝင်ရောက်နိုင်ရေး တရုတ်က ကြိုးပမ်းနေရာ အဆိုပါ သဘောတူညီချက်များက တိုးများလာခဲ့သည်။ သို့ရာတွင် ဝင်ငွေမြင့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်း နိုင်ငံများကြားက STAs အား နှိုင်းယှဉ်ချက်တွင် ဝင်ငွေမြင့်နိုင်ငံများနှင့် သဘောတူညီချက်များ၌ တိကျမှု ချို့တဲ့သည်ကို မီးမောင်းထိုးပြနေသည်။ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်း နိုင်ငံများနှင့် သဘောတူညီချက်များသည်လည်း ပုံစံကျမှု နည်းပါးသည်။ ဆက်ဆံရေး၏ သဘာဝကို မခွဲထုတ်နိုင်ချိန်မှစကာ အချို့သော သဘောတူညီချက်များ၏ ခေါင်းစဉ်များသည် STA တရပ်အား ကိုယ်စားပြု ပြဆိုနိုင်ခြင်း မရှိဟု မှတ်ချက်ပြုထားသည်။ ထိုပြင် ဝင်ငွေအလယ်အလတ် နိုင်ငံ ၃၄ နိုင်ငံတွင် ၇ နိုင်ငံကပဲ BRI တွင် မပါဝင်သည့် နိုင်ငံများ ဖြစ်သည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ အဆိုပါ ၇ နိုင်ငံသည် တရုတ်၏ BRI၊ ပိုးလမ်းမနှင့် အခြားသော မဟာဗျူဟာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ရှိခြင်း သို့မဟုတ် ဖြစ်တန်ခြင်း ရှိနေခြင်း ဖြစ်သည်။

တရုတ်၏ နည်းပညာ မဟာဗျူဟာ ဖွံ့ဖြိုးမှုက စီးပွားရေး သက်သက် နယ်မြေကျော် စွမ်းဆောင်မှု အလွန်ထိ ကျယ်ပြန့်ကာ နိုင်ငံတော်တော်များများ၏ နိုင်ငံရေးနှင့် လုံခြုံရေး အဆောက်အအုံတွင် ထဲထဲဝင်ဝင် ရပ်တည်နေနိုင်သည့်အထိ ဖြစ်လာသည်။ ဒီဂျစ်တယ် အခြေခံအဆောက်အအုံ၊ စောင့်ကြည့်ရေးစနစ်နှင့် မဟာဗျူဟာ မိတ်ဖက်ပြုမှုများမှတဆင့် လက်ဝေခံများကို ကူညီပေးခြင်းဖြင့် တရုတ်သည် ကမ္ဘာ့လုံးဆိုင်ရာ အင်အားအရွေ့ကို ၎င်း၏ မမျှတသော အသာစီးရမှုဆီ အင်တိုက်အားတိုက် ပုံဖော်လျက် ရှိနေသည်။ ယင်း အရွေ့၏ ဂယက်က နက်နဲသိမ်မွေ့ကာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နည်းပညာအား လူ့ကျင့်ဝတ်အညီ သုံးစွဲရေးတို့နှင့် ပတ်သက်ပြီး ဆန်းစစ်ဝေဖန်သော မေးခွန်းများ ထွက်ပေါ်စေသည်။ ကမ္ဘာ့ဟန်ချက်သည် ပုန်းလျိုးကွယ်လျိုး နည်းလမ်းဖြင့် အချုပ်အခြာ နိုင်ငံများအပေါ် ကိုယ်စားတိုက်ခိုက်မှုများ လုပ်ဆောင်နေသော တရုတ်နောက်လိုက် အခြားသော နိုင်ငံများနှင့် တရုတ်တို့ကို ထိန်းကွပ်ရန် သမရိုးကျနှင့် သမရိုးကျမဟုတ်သော အာဏာထိန်းညှိမှု လိုအပ်ပေလိမ့်မည် ဖြစ်သည်။