နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

  • တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု ၊ ယမုံကျေးရွာတွင် WY စာတန်းပါ စိတ်ကြွဆေးပြားများ ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိချက်အရ မြို့နယ် ပကဖ က စုံစမ်းဖမ်းဆီးခဲ့ရာ သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးခဲ့ကြောင်း ကျွန်းစု ပကဖ ထံ မှ သိရသည်။
  • ၂၀၂၄ ခုနှစ် ၊ ဧပြီလအတွင်းမှာ ကျပ်သန်း ၅၀၅ဒသမ၆ သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာ ဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်း အားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar(JFM) က တောင်းဆိုလိုက်သည်။
  • မကွေးတိုင်း ၊ မင်းတုန်းမြို့နယ် ၊ ငကုန်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ထံ စစ်ကူလာသည့် စစ်ကြောင်းကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ 
  • ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော် အကျဉ်းထောင်တွင် အစာရေစာမလောက်၍ ကိုယ်ခန္ဓာချိနဲ့ နေပြီး နိုင်ငံရေးအကျဉ်းသားအချို့ လေဖြတ်သကဲ့သို့ တုတ်ဆွဲခြင်းဝေဒနာ ခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
  • တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) မေလ ၁၉ ရက်နေ့တွင် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များ သွားရောက်ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရှိရသည်။
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ထိန်းချုပ်နယ်မြေတွင် Non CDM များ၏ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်လက်လည်ပတ်ခွင့်ပြုမည်ဟု မွန်ပြည်သစ် AD ပြောခွင့်ရ နိုင်ဗညားမွန် က ပြောသည်။
  • တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ နှင့် အာရက္ခတပ်တော် AA၊ ကိုးကန့် MNDAA ၊တအာင်း TNLA ညီနောင် ၃ ဖွဲ့ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ၁၄ ရက်နှင့် ၁၅ ရက်နေ့က တွေ့ဆုံခဲ့ကြပြီးမေ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အာရက္ခ တပ်တော် AA နှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
  • အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာ ၂၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့ကို ဆေးဝါးစောင့်ရှောက်မှုပေးကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း အာရက္ခတပ်တော် (AA) က မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
  • ကရင်ပြည်နယ် ၊ ဖာပွန်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်၏ ကျောက်ညှပ်(ဝလူ) စခန်းသည် နေ့စဉ်နီးပါးပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် မေလ လဆန်းပိုင်းမှာ စခန်းကိုစွန့်ခွာ သွားကြကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ−၅ ထံကသိရသည်။
  • ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်အချို့ ကျဆုံးခဲ့ရကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။
  • ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ရှိသူနှင့် စစ်ရေးသတင်းရင်းမြစ်တို့ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။
  • မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

စစ်ကောင်စီ

  • မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ၏ အထူးသံတမန် နှင့် အာဆီယံ အထွေထွေ အတွင်း ရေးမှူးချုပ် တို့ မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တိုက်တွန်းခဲ့ ကြောင်း  အာဆီယံ က သတင်းထုတ်ပြန်သည်။
  • နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်းကို မေလ ၂၀ ရက်နေ့မှာ ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်သည်။
  •  စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေကြောင်း စီးပွားကူးသန်းက ထုတ်ပြန်သည်။
  • ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းစားသုံး ဆီဖူလုံရေး အတွက် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းစားသုံးဆီဖူလုံ စွာထုတ် လုပ်နိုင်ရေး ဆွေးနွေးပွဲကို နေပြည်တော်ရုံးအမှတ် (၁၅) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပနေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

မေ  ၂၀ ရက် သုံးသပ်ချက်

  • စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေ၍ လူမျိုးရေးပဋိက္ခများဖန်းတီးနေသလို အာရက္ခတပ်တော် ၏ ထိုးစစ်များရပ်တန့်ရန်အတွက်လည်း တရုတ်အားကိုကာ ဆွေးနွေးပွဲများပြုလုပ်၍ ကြိုးပမ်းနေသည်ကိုလည်း တွေ့ရသည်။