သူလျှိုလုပ်သည့် စွပ်စွဲချက်များကြောင့် TikTok ကို နိုင်ငံအများအပြားက ပိတ်ပင်တားမြစ်

The Hong Kong Post

တရုတ်ကွန်မြူနစ်အစိုးရကို အရေးကြီးသည့် သတင်းအချက်အလက်များကို မျှဝေခြင်းနှင့် သူလျှိုလုပ် သည့် သတင်းများကြောင့် တရုတ်လူမှုမီဒီယာအက်ပ်ပလီကေးရှင်း TikTok ကို အမေရိကန်က ပိတ်ပင်ရန် စီစဉ်နေသည်။ 

နိုင်ငံအများအပြားသည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကြောင့် TikTok ကို ပိတ်ပင်ထားပြီးဖြစ်သည်။ 

” ကွန်မြူနစ်ပါတီကို ဒီလောက် အားကောင်းတဲ့ ဝါဒဖြန့်ကိရိယာတခုအပြင် အမေရိကန်နိုင်ငံသား သန်း ၁၇၀ ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပေးလိုက်မယ်ဆိုတဲ့ စိတ်ကူးက နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်ပါတယ်။” ဟု ဗာဂျီးနီးယားပြည်နယ်မှ အထက်လွှတ်တော်အမတ် မတ်ခ်ဝါနာက ပြောကြားခဲ့သည်။ 

TikTok မိခင်ကုမ္ပဏီသည် ယင်း၏ရှယ်ယာများကို မရောင်းချပါက အမေရိကန်တွင် TikTok ၏ လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်သည့်ဥပဒေအား အောက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။ မကြာမီ အထက်လွှတ်တော်ကလည်း အတည်ပြုခဲ့သည်။ 

အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရုပ်သိမ်းရမည့် အချက်ပါ၀င်သည့် ယင်းအတည်ပြုချက်သည် တရုတ်အစိုးရနှင့် အချက်အလက်မျှဝေနိုင်ခြေကို ဖယ်ရှားနိုင်သောကြောင့် သုံးစွဲသူများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။

“တရုတ်အာဏာရှင်အစိုးရနဲ့ အစိုးရက ကော်ပိုရေးရှင်းတွေကို ထိန်းချုပ်ထားတာတွေကို ကြည့်ရင် TikTok ကို ပိုမို ထိန်းချုပ်သင့်ပါတယ်။” ဟု အချက်အလက်ကာကွယ်ရေးနှင့် စားသုံးသူပုဂ္ဂိုလ်ရေး ဆိုင်ရာကျွမ်းကျင်သူ ဆာရာကောလင်းက ပြောကြားခဲ့သည်။

အိန္ဒိယသည် လုံခြုံရေးစိုးရိမ်မှုများကြောင့် TikTok အပါအဝင် တရုတ်အက်ပ်များစွာကို ၂၀၂၀ပြည့်နှစ် တွင် ပိတ်ပင်ခဲ့သည်။ တရုတ်အပလီကေးရှင်းများမှ စုဆောင်းရရှိသော အချက်အလက်များသည် အိန္ဒိယ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေကြောင်း အိန္ဒိယ အစိုးရ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အိန္ဒိယကဲ့သို့ပင် နောက်ပိုင်းတွင် ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ထိုင်ဝမ်နှင့် ဥရောပသမဂ္ဂက TikTok ကို ပိတ်ပင်ခဲ့သည်။ ဥရောပသမဂ္ဂက ဆိုက်ဘာလုံခြုံရေးအစီအမံအဖြစ် ဝန်ထမ်းများ၏ဖုန်းများတွင် TikTok ကို ထည့်သွင်းခြင်းကို ပိတ်ပင်ထားသည်။ 

တရုတ်အက်ပ်လီကေးရှင်းသည် ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်ကာကွယ်ရေးအတွက် လုံလောက်သည့် အဆင့်မရှိဟု ပြင်သစ်က ၂၀၂၃ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။

ဆိုရှယ်မီဒီယာအက်ပ်ပလီကေးရှင်း TikTok သည် စက်ပစ္စည်းများပေါ်တွင် အချက်အလက်များကို ရယူ ခြင်းကြောင့်ဒိန်းမတ်က TikTok ကို ၂၀၂၃ ခုနှစ်တွင်ပိတ်ပင်တားမြစ်ခဲ့ပြီး လွှတ်တော်အမတ်များနှင့် ဝန်ထမ်းများအား TikTok ကိုအသုံးမပြုရန်တောင်းဆိုခဲ့သည်။  ဒိန်းမတ်တက္ကသိုလ် ခုနစ်ခုကလည်း TikTok ကို ပိတ်ပင်တားမြစ်ခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ဘယ်လ်ဂျီယံအစိုးရက TikTok အသုံးပြုမှုကို ကန့်သတ်ခဲ့သည်။ 

TikTok က တရုတ်ထောက်လှမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် စိုးရိမ်စရာကောင်းကြောင်း ဘယ်လ်ဂျီယံအမျိုးသားလုံခြုံရေးကောင်စီက ဖော်ပြခဲ့သည်။