ရုရှားအာကာသ​ကော်ပို​ရေးရှင်း နှင့် စစ်​​ကောင်စီ​ခေါင်း​ဆောင်တို့ တွေ့ဆုံ

စစ်​ခေါင်း​ဆောင်နှင့်ရုရှားအာကာသကော်ပိုရေးရှင်းမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ်တို့ ​မေလ ၁၉ ရက်​နေ့က ​တွေ့ဆုံစဥ် (MOI)

001

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့သို့ရောက်ရှိလာသော ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos State Space Corporation) မှ အရာရှိများနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့ (မေလ ၁၉ ရက်)က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

RSSC ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့နှင့် စစ်ခေါင်းဆောင်တို့ ကုန်းမြင့်သာရှိ ​ဇေယျာသီရိဗိမာန် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် မြန်မာ – ရုရှား နှစ်နိုင်ငံအကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင်စေလွှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တခုဖြစ်သော မြန်မာ့အလင်းတွင်တွ ယနေ့ ဖော်ပြသည်။

ဆွေးနွေးပွဲသို့ စစ်ကောင်စီဘက်မှ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဉက္ကဌရုံး ဝန်ကြီးဌာန (၁) ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့လည်း တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ရုရှားခရီးစဉ်တွင် RSSC သို့ သွားရောက်လည်ပတ်ဖူးသည်။ မြန်မာနိုင်ငံတွင် အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုရန်၊ နည်းပညာဆိုင်ရာများနှင့် လူသားအရင်းအမြစ်မွေးထုတ်ရေးတို့တွင် ရုရှားက ကူညီဆောင်ရွက်ပေးရန် တောင်းခံခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရုရှားနှင့်ကဏ္ဍစုံဆက်ဆံရေးတိုးမြှင့်လာခဲ့မှုတွင် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးအတွက်ပါပါရှိသည်။ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၄၀၆ သန်းတန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း Justice for Myanmar ၏ မတ်လက ထုတ်ပြန်ခဲ့သည်။