KIA စစ်ဦးစီးချုပ်စျာပနတက်ရောက်သူများနှင့် သဝဏ်လွှာပို့သူများကိုကျေးဇူးတင်ကြောင်း KIO ထုတ်ပြန်

ဓါတ်ပုံ- Gunmaw Sumlut Facebook

ဂျူချန်း

(မဇ္ဈိမ)။ ။ KIAစစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသမှူး ဒုဗိုလ်ချုပ်ကြီး Rခေါင်လွမ်း၏ နာရေးအခမ်းအနားအား တက်ရောက်ဂါရဝပြုသူများနှင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့ကြသည့်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီကယမန်နေ့(မေလ ၂၀ရက်)တွင် ထုတ်ပြန်သည်။

အသက် ၆၂နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းသည် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင်လိုင်ဇာမြို့၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် ဈာပနအခမ်းအနားကျင်းပခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်းသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊မြောက်ပိုင်းညီနောင်သုံးဖွဲ့၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် မဟာမိတ်တိုင်းရင်းသားအဖွဲ့များ၊တော်လှန်ရေးအင်အားစုများအပါအဝင် အဖွဲ့ပေါင်း ၃ဝ ကျော်မှ သဝဏ်လွှာပေးပို့ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းသည် အသဲရောဂါဖြစ်နေချိန်တွင် ဆေးကုသရန်ထက် နိုင်ငံရေးနှင့်စစ်ရေး အရေးကြီးသည့်ကာလဖြစ်သဖြင့် တိုင်းရင်းဆေးများကိုမှီဝဲကာ စစ်တိုက်ရန် ဦးစားပေးရွေးချယ်ခဲ့သူတဦးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူများက ပြောသည်။
အမှတ်(၁) စစ်ဒေသတွင် စစ်ဒေသမှူးအဖြစ် တာဝန်ယူစဉ်အတွင်း စစ်ကိုင်းတိုင်း စစ်မြေပြင်အထိဆင်း၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF )များနှင့်အတူ စစ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကာ ကချင်‌ဒေသအပြင် အညာဒေသမှရဲဘော်များ၏ချစ်ခင်မှုကိုပါ အပြည့်အ၀ရခဲ့သူဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အဖွဲ့က မေလ ၁၇ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

ရင်းနှီးသူများက ဂွတို (သို့မဟုတ်) ဒူကဘာဂွဟု ခေါ်ကြပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းဖြစ်ကာ မြန်မာ့ဂီတလောကမှ တေးရေး ကိုရဲလွင်၊ ခင်မောင်တိုး၊ မွန်းအောင် စသည့် ထင်ရှားသောအနုပညာရှင်များနှင့်အတူ လက်တွဲခဲ့သူဖြစ်သည်။ နာမည်ကျော်သီချင်းတပုဒ်ဖြစ်သည့် ၈/၈၂ အင်းလျား(မူရင်း)သီချင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ဘေ့စ်ဂီတာ တီးခတ်ပေးခဲ့သည့် သီချင်းဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် စစ်ရေးအရ ဦးဆောင်ပေးခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းကို အမြဲတမ်းအမှတ်ရနေမည်ဖြစ်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ဆိုသည်။

” နွေဦးတော်လှန်ရေးမှာ စိတ်ရောကိုယ်ရောထဲထဲဝင်ဝင်နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူတူ ညာဘက်မှာKIAတံဆိပ်၊ ဘယ်ဘက်မှာ PDFတံဆိပ်တပ်ပြီး ကိုယ့်ကိုယ်ကိုယ် PDFလို့ခံယူပြီးတော့ တော်လှန်ရေးမှာ ဦးဆောင်ခဲ့တာက ဒုဗိုလ်ချုပ်ကြီး R‌ ခေါင်လွမ်းရဲ့ ထူးခြားတဲ့၊ကြီးမားတဲ့တော်လှန်ရေးအပေါ်မှာထားတဲ့သင်္ကေတတခုပါ။ ကျတော်တို့ အမှတ်ရနေမှာပါ”ဟု စစ်ကိုင်းခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းမှူးကပြောသည်။

စာတည်း – အေးချမ်း