ကျောက်တော်ရေကြောင်းတိုက်ပွဲတွင် စစ်သင်္ဘော ၃ စင်းကို လက်နက်ချရန် ၃ကြိမ် အ‌ကြောင်းကြားခဲ့ပြီးရေကူးလွတ်‌မြောက် လာသူများစွာကို ကယ်တင်ထားသည်ဟု AA ထုတ်ပြန်

002

ဖေဖော်ဝါရီ ၈ ရက်တွင် ရခိုင်ပြည် ကျောက်တော်မြို့ ရေ‌ကြောင်း တိုက်ပွဲတွင် စစ်သင်္ဘော သုံးစင်းကို လက်နက်ချရန် သုံးကြိမ် အ‌ကြောင်းကြားခဲ့ပြီးရေကူးလွတ်‌မြောက်လာသူများစွာကို ကယ်တင် ထားသည်ဟု AA က ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင်ထုတ်ပြန် သည်။

ယခင်က စစ်ကောင်စီ ရေတပ်ကို ကြီးကြီးမားမား တုံ့ပြန်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုတိုက်ပွဲတွင် အထိနာအောင် တုံ့ပြန်နိုင် ခဲ့ခြင်းလည်း ဖြစ်သည်ဟု AA က ဆိုသည်။

‌ရေကြောင်းတိုက်ပွဲတွင် ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစင်းစလုံး ချက်ကောင်းကိုထိ၍ အထိနာခဲ့‌ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့သည်ဟု AA က ထုတ်ပြန်သည်။

အဆိုပါသင်္ဘော သုံးစင်း‌ပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် ထပ်ပေးချိန်တွင်လည်း ရန်သူက ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့‌ကြောင်း၊ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြ မည်ဖြစ်‌ကြောင်း၊ အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူး လွတ်မြောက်လာသောသူများစွာတို့အား ကယ်တင်ထားနိုင်ခဲ့ပြီး ဤသို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တဦး အသက်ဆုံးရှုံးခဲ့ရ ‌ကြောင်း AA က ဆိုသည်။

ကျောက်တော်ဖြစ်စဉ်နှင့် ပတ်သက်ပြ်ီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် အကောင့်များတွင် ရေကူးပြီး ကမ်းပေါ်တက်လာသူ များကို အနီးအနားရှိ ရွာသားများနှင့် AA တပ်ဖွဲ့၀င်များက သတ် ဖြတ်ခဲ့သည်ဟု ရေးသားဖြန့်ဝေပြီး လူမျိုးရေးမုန်းတီးမှုများ လုပ် ဆောင်လာချိန်တွင် AA က ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် မိမိတို့သည် စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိ‌ကြောင်း၊ လက်နက်ချအညံ့ခံသူများ၊ အလံဖြူထောင်သူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်း များအား နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက် ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်ဟု AA က ထုတ်ပြန်သည်။

ကျောက်တော်ရေ‌ကြောင်းတိုက်ပွဲတွင် နစ်မြုပ်ခဲ့သည့် သင်္ဘော သုံးစင်းအပြင် စစ်ကူလာသည့် အခြားစစ်သင်္ဘော လေးစင်းကို လည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင် ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

နစ်မြုပ်ခဲ့သည့် သင်္ဘော သုံးစင်းမှာ စစ်သင်္ဘော နှစ်စီး၊ ဇက် သင်္ဘော တစ်စင်းတို့ ဖြစ်ပြီး ‌ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော်၏ သမိုင်းတွင် ဖေဖော်ဝါရီ ၈ ရက်သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများ သည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ် တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့ပြီး အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ နေ့တိုင်းရှိ‌ကြောင်း၊ ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်း လည်း ဖြစ်‌ကြောင်း AA က ထုတ်ပြန်သည်။

AA ၏ ထုတ်ပြန်ချက်တွင် စစ်သင်္ဘောသုံးစင်းပေါ်မှ သေဆုံးသူ အရေအတွက်နှင့် ရေကူးလွတ်‌မြောက်လာသူများကို ကယ်ဆယ် ထားသည့်အရေအတွက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီကို ထောက်ခံသည့်တယ်လီဂရမ်နှင့် လူမှုကွန်ရက်စာ မျက်နှာများတွင် ကျောက်တော်ဖြစ်စဉ်၌ သေဆုံးသူ ‌ခြောက်ရာ ကျော်ရှိသည်ဟု ရေးသားဖော်ပြလျက်ရှိသည်။