မင်းတပ်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်

ပုံအညွှန်း။ ။ ၂၀၂၃ခု နှစ်အတွင်း စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အား လေကြောင်းတိုက်ခိုက်နေစဥ်( ပုံအဟောင်း)။ (ဓာတ်ပုံ။ ။ CJ)

ပုံအညွှန်း။ ။ ၂၀၂၃ခု နှစ်အတွင်း စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အား လေကြောင်းတိုက်ခိုက်နေစဥ်( ပုံအဟောင်း)။ (ဓာတ်ပုံ။ ။ CJ)

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၂) အထက်ပိုင်းက ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ရော့ကက်များနှင့် စက်သေနတ်များဖြင့် သုံးကြိမ်တိတိလာရောက်ပစ်ခတ်သွားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများထံမှသိရသည်။

ယနေ့( မေလ ၂၂ရက် )မွန်းတည့် ၁၂ နာရီတိတိတွင် မင်းတပ်မြို့အနီး တနေရာ(တိုက်နယ်အမှတ်-၂ တောထဲ)ကို တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲပြီး ရော့ကက်၊ စက်သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှသိရသည်။

“သုံးကြိမ်တိတိ ဗုံးကြဲ၊ ရော့ကက်တွေပစ်၊ စက်သေနတ်နဲ့ ပစ်ပါတယ်။ ပြည်သူထိခိုက်တာ၊ နေအိမ်ထိခိုက်ပျက်စီးတာ မရှိပါဘူး။ တိုက်နယ်အမှတ် (၂)အထက်ပိုင်းကို တိုက်ခိုက်တာပါ။” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူမှ မဇ္စျိမကိုပြောသည်။

ထို့အပြင် ယနေ့ မွန်းတည့် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်တွင် နောက်ထပ် ဂျက်ဖိုက်တာတစီးမှ ပေါင် ၅၀၀ဗုံးနှင့် ရော့ကက် ပွိုင့်ဖိုက်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။

ယနေ့ တနေ့ထဲတွင်ပင် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ( ၂၇၄) တပ်ရင်းမှလည်း အဆိုပါ နေရာဝန်းကျင်ကို မွန်းလွဲ ၁၂နာရီ ၄၀မိနစ်နှင့် ၁နာရီအချိန်ခန့်တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မင်းတပ်နဲ့အနီးဆုံးရွာကိုပစ်တာ၊ ရွာထဲမထိဘူး။ ဒေသခံတွေကတော့ အကုန်ပြေး ဗုံးခိုကျင်းထဲမှာနေကြတယ်။ ဘယ်သူမှမတွေ့ရတော့ဘူး” ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။

မေလ ၂၀ရက်နေ့ ည ၁၁နာရီ ၃၅မိနစ်အချိန်ခန့်တွင်လည်း မင်းတပ်မြို့ တိုက်နယ် (၂) ဘက်သို့ တံတားဦးတက်လာသော ဂျက်ဖိုက်တာ နှစ်စီးမှ ဗုံးကြဲကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဧပြီလမှ မေလ ၂ရက်နေ့အထိ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်တပ်၏ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲဘော်နှစ်ဦးနှင့် ဒေသခံသုံးဦးကျဆုံးသွားပြီး ၃၁ဦးလည်း ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း CDF-mindat အဖွဲ့ထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)