တားမြစ်ဆေးသုံးကြောင်း တွေ့ရှိသည့် တရုတ်ရေကူးသမားများကိစ္စ စုံစမ်းစစ်ဆေးရေး အမေရိကန်အမတ်များက FBI ကို တိုက်တွန်း

AFP

၂၀၂၁ ၊ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲမတိုင်မီ တားမြစ်ဆေးတမျိုးသုံးထားကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် တရုတ်ရေကူးသမား ၂၃ ယောက်၏ ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အမေရိကန်လွှတ်တော်အမတ်များက ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် တရားရေးဌာနတို့ကို တိုက်တွန်းလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အမေရိကန်လွှတ်တော်အထူးကော်မတီ၏ ဥက္ကဋ္ဌနှင့် ရာထူးအဆင့်အကြီးဆုံးအဖွဲ့ဝင်ထံမှ မေလ ၂၁ ရက်စွဲတပ်ထားသည့် စာတွင် Rodchenkov တားမြစ်ဆေးတိုက်ဖျက်ရေး အက်ဥပဒေကို အသုံးပြုရေး တောင်းဆိုသည်။ ထိုဥပဒေကို ၂၀၂၀ ပြည့်နှစ်က ထိုစဉ်က သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေတွင် အပြည်ပြည်ဆိုင်ရာ တားမြစ်ဆေး လိမ်လည် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများတွင် ပါဝင်ပတ်သက်သူများအပေါ် ဒဏ်ခတ်အရေးယူရန်နှင့် ထိခိုက်နစ်နာသူများအတွက် လျော်ကြေးတောင်းဆိုရန် ခွင့်ပြုထားသည်။

“ဒီ မကောင်းသတင်းက ကြီးလေးတဲ့ ဥပဒေ၊ လူ့ကျင့်ဝတ်နဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေပါတယ်။ နောက်ပြီးတော့ အရင်တုန်းက ရုရှားတို့ လုပ်ခဲ့သလိုမျိုး အိုလံပစ်ပြိုင်ပွဲမှာ မမျှမတ ယှဉ်ပြိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိုးရထောက်ပံ့တဲ့ ဗျူဟာတခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်” ဟု မီချီဂန်ပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ် ဂျွန် မူလန်နားနှင့် ကော်မတီ၏ စီနီယာ ဒီမိုကရက်တစ်အမတ် ရာဂျာ ခရစ်ရှ်နာမိုသီတို့က စာထဲတွင် ရေးထားသည်။

“ဒီလို တားမြစ်ဆေးသုံးတယ်ဆိုတဲ့ လုပ်ရပ်တွေဟာ အစိုးရပံ့ပိုးတဲ့ လုပ်ရပ်တွေလား ဆိုတာကို အကဲဖြတ်ဖို့ အလွန်အရေးကြီးပါတယ်။ အဲဒါကနေတဆင့် အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နောက်ထပ် သံတမန်ရေး ဆောင်ရွက်ချက်တွေ ဖြစ်စေဖို့ လုံလောက်စေနိုင်ပါတယ်”

ဖြစ်စဉ်အပေါ် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး ယခင်မီဒီယာဖော်ပြချက်များကိုလည်း ထိုစာက ရည်ညွှန်းထားသည်။

၂၀၂၁ တိုကျို အိုလံပစ်ပြိုင်ပွဲမတိုင်မီ တရုတ်ရေကူးသမားများသည် စွမ်းဆောင်ရည် တိုးစေနိုင်သည့် နှလုံးဆေးတမျိုးဖြစ်သော trimetazidine သုံးထားကြောင်း စစ်ဆေးတွေ့ရှိကြောင်း ထုတ်ဖော်ခံရပြီးနောက် ဧပြီလတွင် WADA သည် ဝေဖန်မှုများအောက် ရောက်ရှိခဲ့သည်။

ရေကူးသမားများ တည်းခိုခဲ့သည့် ဟိုတယ်၌ အစားအစာညစ်ညမ်းမှုတခုကြောင့် ထိုဆေးစစ်ချက်ရလဒ်များ ထွက်ရှိခြင်း ဖြစ်ကြောင်း တရုတ်အာဏာပိုင်တို့၏ ဖြေရှင်းမှုကို WADA က လက်ခံခဲ့ပြီးနောက် တရုတ်ရေကူးသမားများသည် ဆိုင်းငံ့ခံရခြင်း သို့မဟုတ် ဒဏ်ခတ်အရေးယူခံရခြင်း မရှိခဲ့ပေ။

မကောင်းမှုကို ဖုံးကွယ်ထားမှုတွင် ပါဝင်ပတ်သက်နေကြောင်း အမေရိကန် တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (USADA) ၏ စွပ်စွဲမှုများကို WADA က ပယ်ချသလို ထိုကိစ္စတွင် အမှားမလုပ်ခဲ့ကြောင်း တရုတ်က ငြင်းဆန်သည်။

USADA ၏ လုပ်ဆောင်ချက်များက နိုင်ငံရေးရှုထောင့် ပါနေနိုင်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က WADA ၏ တည်ထောင်သူဥက္ကဋ္ဌ ဒစ်ပေါင်းက ပြောသည်။

“USADA က အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ပေးတာပါ။ အဲဒီအစိုးရဟာ လက်ရှိမှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေး အေးစက်နေပါတယ်။ တခုခု ဆက်နွယ်တာများ ရှိနိုင်သလား” ဟု ၎င်းက မေးခွန်းထုတ်သည်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်နှင့် အစီရင်ခံစာ တစောင်ထုတ်ရန် လွတ်လပ်သော ရှေ့နေတဦးကို WADA က တောင်းဆိုထားသည်။