စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ကာမိုင်းဒေသခံ ၃၀ ကျော် ပြန်လည်လွတ်မြောက်

⁨⁨ဓာတ်ပုံ- ပုံဟောင်း⁩

အဂမ်

မဇ္ဈိမ။ ။ စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃)မနက်အစောပိုင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကားမိုင်းဒေသခံပြည်သူ ၃၀ ကျော် ယနေ့ နေ့လယ် ၁ နာရီခွဲခန့်အချိန်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ကချင်ပြည်နယ်၊ ကာမိုင်းမြို့အနီးရှိ ကျေးရွာတခုမှ ဘာသာရေးဆရာများအပါအဝင် ဒေသခံပြည်သူ ၃၀ ကျော်ကို ယ​နေ့မနက် ၄ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းအဖွဲ့က လူသားဒိုင်းအဖြစ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အင်အား ၆၀ နီးပါးရှိသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ကာမိုင်းမြို့အနီးရှိ နန့်စီးအင်းကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံအမျိုးသားများကို ကာမိုင်းဗျူဟာကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ယခုလိုဆိုသည်။

“ ကလေးနဲ့ မိခင်တွေကို လွှတ်ပေးပြီး၊ အမျိုးသားတွေအားလုံးကို ခေါ်သွားတာဟုတ်တယ်။ သူတို့ခေါ်သွားတဲ့ထဲမှာ အသက် ၁၈ နှစ်ကနေ ၆၀ ကြားက အမျိုးသားတွေကို ဖမ်းသွားတာဟုတ်တယ်။ ဖမ်းသွားတုန်းက တော့ ရိုက်နှက်တာတွေတော့မရှိဘူး။ ပါးစပ်ကနေတော့ ရွာကိုမီးရှို့ပစ်လိုက်မယ်။ ဘာမှတ်နေလဲလို့တော့ ပြောတယ်။ အခုတော့ သူတို့ (စစ်ကြောင်း) ခေါ်သွားတဲ့သူတွေအားလုံး အိမ်ပြန်ရောက်ပါပြီ ” ဟု သတင်းရင်း​​​မြစ်ကပြောသည်။

ဒေသခံများကို ဖမ်းဆီးခဲ့စဉ်က အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် KBC နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာတဦး၊ တရားဟောဆရာ တဦးနှင့် ကက်သလစ်သာသနာမှ ဆရာတဦးတို့လည်းပါဝင်ကြောင်း ကနဦးသိရပြီး ဖုန်းများလည်း သိမ်းဆည်းခံထားရသည်ဟု ဆိုသည်။

ထိုစစ်ကြောင်းအဖွဲ့က နေအိမ်များတွင် လူဦးရေစစ်ဆေးခြင်း၊ ဧည့်သည်ရှိ၊ မရှိ မေးမြန်းခြင်းနှင့် KIA၊ PDF များကို ကျေးရွာအတွင်း မဝင်စေရန် ပြောခိုင်းကြောင်းသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ကာမိုင်းမြို့ကို သိမ်းမည်ဟု သတင်းများထွက်ပေါ်လာသောကြောင့် ယခုလို ဒေသခံအရပ်သားပြည်သူများကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်များက အခိုင်မာဆို​သော်လည်း မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က အကြောင်းအရာအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကာမိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက လှုပ်ရှားသွားလာနေပြီး KIA ပူးပေါင်းတပ်က တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် ဒေသခံပြည်သူများမှာလည်း ပြီးခဲ့သည့် ရတ်သတ္တပတ်ကတည်းကနေ စစ်ဘေးတိမ်းရှောင်ခြင်းများကို ပြုလုပ်နေကြပြီ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ KIA၏ ထိုးစစ်အရှိန် မြှင့်တင်လာရာမှ ထိုနေရာအနှံ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး မြစ်ကြီးနား – ဖားကန့်လမ်းရှိ တပ်စခန်းအချို့ကိုလည်း KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)