မြင်းခြံတွင် စစ်တပ်က ကျေးရွာ ၅ ရွာ မီးရှို့၊ အသက် ၆၀ ကျော်အမျိုးသမီး မီးလောင်သေဆုံး

ဓါတ်ပုံ-CJ

၀၀၈

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊အရှေ့ဘက်ခြမ်းရှိကျေးရွာ၅ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ အသက် ၆၀ကျော် အမျိုးသမီးကြီး တဦး သေဆုံးပြီး ဒေသခံ ၁၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရသည်ဟု မီးဘေးသင့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ဝင် ကိုအာကြီးက မဇ္ဈိမကိုပြောသည်။

မြင်းခြံမြို့အထွက်တွင် မတ် ၁၁ရက်၊ နံနက် ၁၁နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးလိုက်ပါလာသည့်ကား တိုက်ခိုက်ခံရ၍ ကားပေါ်ပါလာသူ ခြောက်ဦးစလုံးသေဆုံးခဲ့ကာ ယင်းတို့ကိုင်ဆောင်သည့် သေနတ်များပါသိမ်းဆည်းခံရပြီးနောက် မတ် ၁၂ရက်၊ နံနက် ၆နာရီ၊ ၄၅မိနစ်ခန့်၌ စစ်ကောင်စီတပ်ဖွဲ့မှ ယခုလို ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့အတိုက်ခံခဲ့ရတဲ့ မြင်းခြံမြို့အထွက် အရှေ့ဘက်က ရွာတွေကို မနေ့က စ ရှို့တယ်။ အခု ကျွန်တော်တို့ ကူညီရေးအဖွဲ့သိတာက ငါးရွာရှိတယ်။အိမ်‌ခြေတွေကတော့ ရေတွက်နေတုန်းပဲ။ တချို့စာရင်းရပါတယ်။ အားလုံးပေါင်းပြီးမှ ထုတ်ပြန်ပေးပါမယ်။ လောလောဆယ် မီးဘေးသင့်စစ်ရှောင် ၁၀၀ လောက်ရှိမယ်။ သင်ပြွန်းရွာက အသက် ၆၀အရွယ် အဘွားကတော့ မီးထဲပါ သေးဆုံးခဲ့တယ်။”ဟု ကိုအာကြီးကပြောသည်။

မီးရှို့ခံရသည့်ကျေးရွာများမှာ ပျိုးကန်‌‌ေကျးရွာ၊ မန်ကျည်းစု‌ေကျးရွာ၊ သင်ပြွန်း‌ေကျးရွာ၊ ထိန်ပန်း‌ေကျးရွာနှင့် ဆိတ်ကုန်း‌ေကျးရွာတို့ဖြစ်ပြီး လတ်တလောတွင် ဒေသခံအများစုက ကျေးရွာများအတွင်း မဝင်ရောက်ရဲသေးဘဲ ရှောင်တိမ်းနေဆဲဖြစ်သည်။ မီးရှို့သည့် စစ်ကြောင်းသည် ဒေသခံများ၏ အဖိုးတန်ပစ္စည်းများ၊ ဆန်အိတ်၊ ပဲအိတ်များနှင့်ဆိုင်ကယ်များကိုလည်း သိမ်းယူသွားကြောင်းသိရသည်။

“ပစ္စည်းတွေ ဘာတွေ မသယ်နိုင်ကြဘူး၊ ထွက်ပြေးရတယ်။ ကျွန်တော့ရွာက ဆိုင်ကယ် လေးစီး၊ ဆန်အိတ်၊ ဆီပုံးတွေ အကုန်ခိုးသွားကြတယ်။ ထိန်ပန်းတို့ ဆိတ်ကုန်းတို့လည်း ဆိုင်ကယ်တွေ ဆန်အိတ် ပဲအိတ်တွေပါသွားတယ်ကြားတယ်။ အခုက ရွာထဲ မဝင်ရဲသေးဘူး။ တချို့လည်း အရဲကိုးဝင်ပြီး မီးငြိမ်းတာ ရှင်းတာလုပ်နေကြတယ်။”ဟု ပျိုးကန်ကျေးရွာသား တဦးကပြောသည်။

ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် မတ် ၁၃ရက်၊မွန်းလွဲ ၁နာရီတွင် မီးပေါက်ကျေးရွာသို့ ရောက်ရှိနေပြီး သေနတ်များပစ်ဖောက်နေပြီး စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသည့် ကျေးရွာအနီးမှ ကျေးရွာများအနေဖြင့် ဘေးကင်းရာ ရှောင်တိမ်းနေထိုင်ကြရန် မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးနှိုးဆော်ထားကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)