ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ရခိုင်၊ ဂွမြို့သို့ ပို့ဆောင်

စစ်ကောင်စီယာဉ်တန်း (ပုံဟောင်း)

မင်းထက်

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်၊ ဂွမြို့ရှိ စစ်ကောင်စီတပ်များတွင် အင်အားနည်းနေပြီး အာရက္ခတပ်တော် (AA) က လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ဧရာဝတီတိုင်း၊ မြန်အောင်မြို့ အခြေစိုက် ခလရ (၅၁) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ကို ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများဆီ မေလ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က အရေးပေါ် ပို့ဆောင်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်း မြစ်များနှင့် ဂွမြို့ဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ အင်အား ၁၀၀ အနက် အင်အား ၅၀ ခန့်ကို ဂွမြို့၊ မြို့သစ်ရပ်ကွက် အလယ်ရွာအနီးရှိ ခမရ (၅၆၃) တပ်ထဲတွင် ထားထားပြီး ကျန်အင်အား ၅၀ ခန့်ကို ဂွမြို့နယ်ရှိ ကျေးရွာများအတွင်း၌ ညကင်းလှည့်ချိန်တွင် အသုံးပြုနေကြောင်း ခမရ (၅၆၃) တပ်နှင့် နီးစပ်သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ဧရာဝတီတိုင်းက ထုတ်နှုတ်အင်အင်အားတွေ ရခိုင်ဘက်ကို ခဏခဏပို့တယ်။ ပို့တိုင်းလည်း သေကုန်ကြတာများတယ်။ ဧရာဝတီကနေ ရခိုင်မှာ တာဝန်ကျနေတဲ့ ရဲတွေလည်း ရခိုင်မြောက်ပိုင်းမှာ သေတာမနည်းဘူး။ ဒီကောင်တွေ ထွက်မပြေး ကြတာ အံ့သြဖို့ကောင်းတယ်။ အခုလည်း ဂွကို AA လာတိုက်မှာ ကြောက်လို့ အရေးပေါ်ဆိုပြီးခေါ်လို့ ရောက်နေပြန်ပြီ၊ မပြေးရင်၊ လက်နက်မချရင်တော့ သေကြဦးမှာပဲ”ဟု ခမရ (၅၆၃)နှင့် နီးစပ်သူ ဂွမြို့ဒေသခံက ပြောသည်။

ဂွမြို့ကို တပ်ကူအင်အား ထပ်ဖြည့်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် မြန်အောင် ခလရ (၅၁) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ဧရာဝတီတိုင်းရှိ အခြားနေရာများမှ ထုတ်နှုတ်ပေါင်းစပ်ထားသည့် အဖွဲ့ဖြစ်နိုင်ကြောင်း ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့ဝင် တဦးက ပြောသည်။

“ကျန်ခဲ့တဲ့ ငါးရက်လောက်က ကြံခင်း သစ်ဆိမ့်ကိုင်းရွာ၊ ကွမ်းချောင်းဆည် ဘက်ကနေ စစ်သား အယောက် ၁၀၀ လောက် ရိုးပေါ်ကို တက်သွားပြီး ပျောက်သွားတယ်။ အခုထိ ပျောက်နေတာဆိုရင်တော့ ကွင်းကောက်ဘက်ကနေ ရေနံ့သာဘက်ကို ဖောက်ထွက်သွားပြီး ဂွဘက်ကို ထွက်သွားတာ ဖြစ်နိုင်တယ်” ဟု ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“ဂွဘက်ကို စစ်ကား သုံးစီး ဆင်းသွား တယ်၊ အင်အားတော့ ခန့်မှန်း ၁၀၀ လောက်ရှိမယ်ထင်တယ်။ ရေနံ့သာလမ်းဆုံကနေ ဖြတ်သွားတာပါ” ဟု ရေနံ့သာ-ဂွလမ်းပိုင်းတွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူ ဒေသခံတဦးကလည်း မဇ္ဈိမကို ပြောသည်။

ယင်းပြင် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ် ဦးရေ ၅၀ ခန့်ကိုလည်း ဂွမြို့အခြေစိုက် ခမရ (၅၆၃) တပ်တွင်းသို့ ခေါ်ယူကာ သင်တန်းများပေးနေကြောင်း ဒေသခံများက ပြောသည်။

ဂွမြို့အခြေစိုက် မြို့စောင့်တပ်များဖြစ်သည့် အမှတ်(၅၆၂) ခြေမြန်တပ်ရင်းနှင့် အမှတ် (၅၆၃) ခြေလျင်တပ်ရင်းတို့တွင် နှစ်တပ်ပေါင်း အင်အား ၁၀၀ နီးပါးသာရှိတော့သည့်အတွက် ထိုသို့ အရေးပေါ်ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း ခမရ (၅၆၃)နှင့် နီးစပ်သူ ဂွမြို့ဒေသခံက ပြောသည်။

အာရက္ခတပ်တော်( AA ) မှ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အမှတ် (၅၆၃)ခြေမြန်တပ်ရင်း ပတ်လည်တွင် မိုင်းများထောင်ထားပြီး ခမရ( ၅၆၂ )၊ (၅၆၃) တပ်နှစ်တပ်၏ တပ်ဝင်းပတ်လည်တွင်လည်း မြောင်းများတူးကာ အဆိုပါမြောင်းများအတွင်းသို့ ရေလွှတ်ထားကြောင်း ၎င်းကဆိုသည်။

ဂွမြို့သို့ ဝင်ပေါက်များဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် ဂွ-သံတွဲလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်တို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ဂွမြို့ ကတို့ချောင်းအနီး ပင်လယ်ထဲတွင် စစ်ကောင်စီတပ်မှ စစ်သင်္ဘာတစီး လာရောက်ရပ်ထားကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်က ရခိုင်ပြည်၊ ဂွမြို့နှင့် မိုင် ၈၀ ကျော်သာကွာဝေးသည့် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခာတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်