ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသော CDM ဆရာမ အပါဝင် နိုင်ကျဥ်း၂ ဦးကို ချင်းပူးပေါင်းတပ်များ ကယ်ထုတ်

ပုံအညွှန်း- ချင်းပူးပေါင်းတပ်ဖွဲ့ဝင်း

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ တွန်းဇံမြို့ စစ်ခုံရုံးမှ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သော CDM ကျောင်းဆရာမ အပါအဝင် နိုင်ငံရေးအကျဥ်းသားနှစ်ဦးကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသော အသက် ၂၃ နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်ဝုန်ဟွဲကိမ်နှင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခံရသော ၎င်း၏ဖခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဦးထန်လျန်းပေါင်တို့ကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ မေလ ၂၂ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“တွန်းဇံတိုက်ပွဲရှိတဲ့အခါကျတော့ စကစတွေက သူတို့ပြေးရာအတိုင်းကို သူ (အကျဥ်းသား)တို့ကိုခေါ်သွားတယ်။ ဒါပေမယ့်အခုတော့ မြင်ပြင်က တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပြီလို့ သတင်းကြားရပါတယ်။ ဘယ်နှစ်ဦးကို ကယ်ထုတ်နိုင်လဲဆိုတာ တိတိကျကျတော့ ကျွန်တော်မသိဘူး။ ကျွန်တော်သိတာက CDM ဆရာမနဲ့သူ့အဖေကိုပဲ သိတာပါ။ အခုတော့ လုံခြုံတဲ့နေရာရောက်ပြီ” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အဆိုပါ နိုင်ကျဉ်းနှစ်ဦးကို တွန်းဇံမြို့၊ မောင်မွောလ် ရပ်ကွက်ထဲရှိ ဆိုင်ကလုန်းစင်တာမှ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

CDM မူလတန်းပြဆရာမ ဒေါ်ဝုန်ဟွဲကိမ်နှင့် ၎င်း၏ဖခင်ကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ခေါ်ဝုန်ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့သည်။

ယင်းနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့်စွဲချက်တင်ကာ မတ်လ ၁၃ ရက်နေ့တွင် တွန်းဇံမြို့စစ်ခုံရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများ၊ စစ်ကောင်စီတပ်အထိုင် တပ်စခန်းများကို ချင်းပူးပေါင်းတပ်များမှ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်