အိန္ဒိယဘက်ထွက်ပြေးပြီး စစ်ကောင်စီထံပြန်လွှဲခံရသည့် စစ်သား ၃ဦး တမူး PDFထံ လက်နက်ချအလင်းဝင်

ခိုလှုံလာသူများနှင့် လက်နက်ခဲယမ်းများ

ပါခွီး

(မဇ္စျိမ) ။ ။ချင်းပြည်နယ်တိုက်ပွဲများအတွင်း အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ပြီး ပြန်လည်ပို့ဆောင်သည့် စစ်ကောင်စီတပ်သားများအနက် သုံးဦးမှာ လက်နက်ခဲယမ်းများယူဆောင်ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) PDF – Tamu တပ်ရင်း (၄) ထံသို့ အလင်းဝင်လာကြောင်းသိရသည်။

တမူးမြို့၊မန်မော်ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် ချင်းပြည်နယ်၊တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ တပ်သားဟိန်းမြတ်ကျော် ၊ ကိုသူနှင့် စိုင်းထက်အောင်တို့က ၎င်းတို့ကိုင်ဆောင်ထားသည့် MA- 1 သေနတ်သုံးလက် ၊ ကျည်ဘောက်ခြောက် ခုနှင့် ခဲယမ်းအချို့ယူဆောင်လာကာ အလင်ဝင်းလာခြင်းဟု သိရသည်။ သုံးဦးစလုံးအသက်၂၀ကျော်အရွယ်များဖြစ်သည်။

“သူတို့ကပြည်သူ့ရင်ခွင်ခိုလှုံချင်လို့ဆက်သွယ်ဝင်ရောက်လာတာပါ။ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ဖို့ရှိပါတယ်” ဟု PDF – Tamu တပ်ရင်း(၄) တာဝန်ရှိသူ ရဲမေက မဇ္စျိမ ကိုပြောသည်။

၎င်းတို့ သုံးဦးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှ စစ်ကောင်စီ၏ သွီးဘွာလ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဝင်ရောက်တိုက်ခိုက်စဉ် အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ထွက်ပြေးခိုလှုံခဲ့သည့် စစ်သား ၂၉ဦးထဲမှဖြစ်ကြောင်းသိရသည်။ အိန္ဒိယဘက်မှ ပြန်လွှဲရာ စစ်ကောင်စီထံ ပြန်လည်ရောက်ရှိလာပြီး စစ်မြေပြင်သို့ ထပ်မံစေလွှတ်ခံရခြင်းဟု ဆိုသည်။

“ကျနော်တို့စခန်းစွန့်ခဲ့တာ သေဒဏ်အထိအပြစ်ပေးလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့ကိုအဲလိုမလုပ်ဘူး။ ရောက်ပြီးတာနဲ့ စစ်ကြောင်းတန်းထွက်ရတယ်။ တပ်ထဲမှာ အင်အားက သုံးပုံတပုံ လောက်ပဲရှိတော့တာ။ ကျနော်တို့ကို ကျားလိုထိုး ကျွေးနေတာ” ဟု အလင်းဝင်စစ်သားတဦးက ပြောသည်။

စစ်ကောင်စီတပ်က အင်အားပြုန်းတီးမှုများပြားနေသဖြင့် ၎င်းတို့ကို အနားမပေးဘဲ လှုပ်ရှားစစ်ကြောင်းသို့တန်းပို့ခြင်းဖြစ်ပြီး စစ်တပ်အတွင်း တပ်ပျက်နေပြီဖြစ်ဟု ၎င်းတို့က ပြောသည်။

နိုဝင်ဘာလ၂၀ရက်နေ့ကလည်း တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ တိုက်ပွဲအတွင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးပြီး ပြန်ပို့ခံသူများဖြစ်ကြောင်း သိရသည်။

လူထုတော်လှန်ရေးတွင် စစ်တပ်အရေးန်ိမ့်နေပြီး မကြာမီကျရှုံးတော့မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပြီး ပြည်သူ့ရင်ခွင် ကို ခိုလှုံကြရန်နှင့် နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်း PDF – Tamu တပ်ရင်း(၄)တာဝန်ရှိသူကပြောသည်။

ယခုအခါ တမူးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း ဇန်နဝါရီလ ၇ရက်နေ့က တမူးမြို့နယ် ၊ ခါမ်းပါတ်အနီးရှိ ကနန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ ခဲ့သဖြင့် ကလေးငယ်ကိုးဦးအပါအဝင် ၁၇ဦးသေဆုံးခဲ့သည်။

စာတည်း – အေးချမ်း