တရုတ်အလုပ်အကိုင်ဈေးကွက်တွင် နိုင်ငံခြားဘွဲ့ရကျောင်းသားများ အခက်အခဲများနှင့် ရင်ဆိုင်နေရ

၂၀၂၄ခုနှစ်အတွင်း တရုတ်၏ အလုပ်အကိုင် ဈေးကွက်အတွင်းသို့ ကျောင်းသား ၁၁ ဒဿမ ၇၉ သန်း စံချိန်တင်ဝင်ရောက်လာမည် ဖြစ်သည်။

South China Morning Post

တရုတ်၏ ပြိုင်ဆိုင်မှုပြင်းထန်သော အလုပ်ဈေးကွက်တွင် နိုင်ငံရပ်ခြားမှ ဘွဲ့ရလာသူများ၏ ဘွဲ့ဒီဂရီ အရေးပါမှုများ ပိုမိုကျဆင်းလာနေပြီး အချို့သော ကျောင်းသားများသည် မျှော်မှန်းလစာ၏ သုံးပုံတပုံ ခန့်သာရရှိကြောင်း ကျောင်းသားနှင့် မိဘ ၉၀၀၀ ကျော်ကို ကောက်ယူထားသည့် စစ်တမ်းက ဖော်ပြ နေသည်။ 

၂၀၂၃ခုနှစ်က ပြည်ပမှ ဘွဲ့ရလာသူများသည် မျှော်မှန်းထားသည့် လစာထက် ၂၃ ရာခိုင်နှုန်းမှ ၃၄ ရာခိုင် နှုန်းကြား လျော့နည်းရရှိခဲ့ကြောင်း ကျောင်းပြင်ပပညာရေးထောက်ပံ့ပေးသည့် အဖွဲ့အစည်းဖြစ်သည့် New Oriental Education & Technology Group က ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နိုင်ငံရပ်ခြားမှ ဘွဲ့ကြိုဒီဂရီရရှိထားသော ကျောင်းသားများသည် တလလျှင် ပျမ်းမျှလစာ ၇၉၂၈ ယွမ် (အမေရိကန်ဒေါ်လာ ၁၀၉၇) ခန့်ရရှိပြီး ၎င်းတို့မျှော်မှန်းထားသည့် ဝင်ငွေထက် ယွမ် ၂၇၀၀ ခန့် လျော့နည်းကြောင်း စစ်တမ်းက ဆိုသည်။

တချိန်တည်းမှာပင် မဟာဘွဲ့နှင့်ဘွဲ့ရများသည် ပျမ်းမျှလစဉ်လစာ ၉၅၂၆ ယွမ် ရရှိခဲ့သော်လည်း ယင်းသည် ၎င်းတို့၏မျှော်မှန်းချက်ထက် ယွမ် ၂၂၀၀ ခန့် လျော့နည်းသည်။ 

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်တွင် ၂၀၂၄ခုနှစ်အတွင်း တရုတ်၏ အလုပ်အကိုင် ဈေးကွက်သို့ ကျောင်းသား ၁၁ ဒဿမ ၇၉ သန်း စံချိန်တင်ဝင်ရောက်ရန် မျှော်လင့်ထားသည်။

အသက် ၁၆-၂၄နှစ်အကြား အသက်အရွယ်အုပ်စုများအတွက် အလုပ်လက်မဲ့နှုန်းသည် ဧပြီလက ၁၅ ဒဿမ ၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက မေလတွင် ၁၄ ဒဿမ ၇ ရာခိုင်နှုန်းရှိကြောင်း အမျိုးသား စာရင်းအင်းဗျူရိုမှ စနေနေ့တွင် ဖော်ပြခဲ့သည်။ 

တရုတ်အလုပ်သမားအင်အားထုတ်ပြန်ချက်ကို ယာယီဆိုင်းငံ့ထားခဲ့သည့် အချိန်မတိုင်မီ အလုပ်လက်မဲ့ နှုန်းသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် ၂၁ ဒဿမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ သည်။ ဒီဇင်ဘာလတွင် ကျောင်းသားများ မပါဝင်ဘဲ အလုပ်လက်မဲ့နှုန်းသည် ၁၄ ဒဿမ ၉ ရာခိုင်နှုန်း ရှိခဲ့သည်။ 

ဧပြီလက အသက် ၂၅-၂၉ နှစ်အတွင်း အလုပ်လက်မဲ့နှုန်းသည် ၇ ဒဿမ ၁ ရာခိုင်နှုန်းရှိပြီး မတ်လ ၇ ဒဿမ ၂ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်းဖြစ်သည်။

 “လူငယ်အလုပ်လက်မဲ့ဆိုတာအလုပ်သမားဈေးကွက် ပုံမှန်ပြန်မဖြစ်သေးဘူးလို့ ပြောရတဲ့ အကြောင်း ရင်းတွေထဲက တခုပါ။ အချက်အလက်အနည်းငယ်တော့ လွဲချော်နေပါတယ်” ဟု Allianz Trade မှ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် ဖရန်စီဟွမ်က ပြောကြားခဲ့သည်။ 

New Oriental Education & Technology Group ၏ စစ်တမ်းတွင် ဖြေဆိုသူ ၂၀ရာခိုင်နှုန်းနီးပါးက ယွမ် ၁၅၀၀၀ ထက်ကျော်လွန်သော လစာများကို မျှော်မှန်းခဲ့ကြသည်။ 

သို့သော် နိုင်ငံရပ်ခြားမှ ဘွဲ့ရ လူငယ်အနည်းငယ်မျှသာ မျှော်မှန်းလစာရရှိ ကြပြီး မဟာဘွဲ့ရများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ မျှော်မှန်းလစာရရှိခဲ့သည် ။ 

လစာမျှော်မှန်းချက်များသည် ကျောင်းသားများအကြား ယေဘုယျအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားမှုကို ထင်ဟပ်စေသည်ဟု အစီရင်ခံစာက ဆိုသည်။ 

 “ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ရဲ့ ပထမဆုံးအလုပ်ကနေ လစာမြင့်မြင့်ရဖို့က အရမ်း ခက်ခဲပါတယ်” ဟု စစ်တမ်းက ဆိုသည်။

တရုတ်မိသားစုများစွာအတွက် ၎င်းတို့၏သားသမီးများကို နိုင်ငံခြားသို့ ပညာသင်ကြားရန် စေလွှတ် ခြင်းကို အထူးအခွင့်အရေးတရပ်အနေအဖြစ် မရှုမြင်တော့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

“လူလတ်တန်းစားမိသားစုများ၏ သားသမီးများကို နိုင်ငံခြားသို့ ပို့ခြင်းသည် တရုတ်စီးပွားရေး လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားလာမှုနှင့် နိုင်ငံခြားတွင် ပညာသင်ကြားမှု ပိုမို ရေပန်း စားလာခြင်းစသည့် ပုံမှန်အခြေအနေများနှင့် ဆက်စပ်နေသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်စီးပွားရေးကျဆင်းမှုနှင့် ပထဝီဝင်နိုင်ငံရေးဖြစ်ရပ်များသည် လူလတ်တန်းစားမိသားစုများအတွက် တက်ရောက်ရမည့်ကျောင်းရွေးချယ်မှုကိုလည်း ထိခိုက်စေခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၂၄ ခုနှစ်တွင် ဗြိတိန်က အမေရိကန်ထက် ပဉ္စမနှစ်ဆက်တိုက် နိုင်ငံခြားတွင် ပညာသင်ကြားရန် ရေပန်းအစားဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယေဘုယျအားဖြင့် ဗြိတိန်သင်တန်းများသည် ကာလတိုတောင်းသောကြောင့်ဖြစ်သည့်အပြင် အမေရိ ကန်တွင် မဟာဘွဲ့အတွက် နှစ်နှစ်တက်ရပြီး ဗြိတိန်တွင် တနှစ်သာ ကြာမြင့်သဖြင့် ကုန်ကျစရိတ် နည်းပါးပြီး အလုပ်အကိုင်စျေးကွက်သို့ လျင်မြန်စွာ ဝင်ရောက်နိုင်မှုကြောင့် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ 

ထို့ပြင် ဗြိတိန်သည် ပိုမိုတည်ငြိမ်သော နိုင်ငံရေးပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။ 

နိုင်ငံခြားတွင် ကျောင်းထားရန်အတွက် ငွေကြေးတွက်ချက်နေရသည့် တရုတ်လူလတ်တန်းစား မိသားစုများ သည် ပိုမိုကုန်ကျစရိတ်သက်သာသော နိုင်ငံရပ်ခြားကျောင်းများကို ရွေးချယ်ကြသည်။

၃၀နှင့် ၄၀ ရာခိုင်နှုန်းကြားက အာရှနှင့် ဥရောပနိုင်ငံများတွင် ပညာသင်ကြားရန်အတွက် ယွမ် သုံးသိန်း (အမေရိကန်ဒေါ်လာ ၄၁၅၀၀) အောက် သုံးစွဲကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ပျမ်းမျှအသုံးစရိတ် ယွမ်ခြောက်သိန်းခန့်ရှိသည့် အမေရိကန်နှင့် ကနေဒါရှိ ယခင်ရေပန်းစားသော နေရာများထက် ယင်းနိုင်ငံများက ကုန်ကျစရိတ်သက်သာသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းတွင်၊ ၎င်းတို့၏ကလေးများကို နိုင်ငံရပ်ခြားသို့ပို့ရန် ရည်ရွယ်သော သာမန်ဝန်ထမ်း မိဘအချိုးအစားမှာ သိသိသာသာ တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့သော်လည်း ၂၀၂၄ခုနှစ်တွင် ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

 အလယ်အလတ်စီမံခန့်ခွဲမှုအဆင့်ရာထူးရှိ မိဘများသည် ၎င်းတို့၏သားသမီးများကို နိုင်ငံခြားသို့ပို့ရန် ရွေးချယ်ခဲ့သော်လည်း ၂၀၂၄ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

 “မကြာသေးမီနှစ်များအတွင်း ဆိုးရွားခဲ့သောနိုင်ငံတကာစီးပွားရေးအခြေအနေနှင့် ဆက်စပ်နေနိုင်ပြီး အချို့သောမိသားစုများအတွက် ဝင်ငွေနည်းသွားကာ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရန် မတက် နိုင်သည့် အခြေအနေ ဖြစ်ပေါ်စေခဲ့သည်” ဟု အစီရင်ခံစာက ဆိုသည်။

အထက်တန်းစားမိသားစုများသည် ယင်းအချက်များကြောင့် သက်ရောက်မှုမရှိခဲ့ပေ။