ဒိုင်ရ်နယ်မြေဒေသများပေါင်းစည်းရန် ပထမအကြိမ်ညီလာခံက သဘောတူ

ပုံအညွှန်း - ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ရဲဘော်များ

ပုံအညွှန်း – ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ရဲဘော်များ

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်အတွင်း နေထိုင်သည့် ဒိုင်ရ်လူမျိုးများ စုစည်း၍ ပထမဆုံးအကြိမ်ပြည်သူ့ ညီလာခံကျင်းပခဲ့ပြီး ကွဲပြားနေသော မြို့နယ်များရှိနယ်မြေများကိုပေါင်းစည်းရန် သဘောတူခဲ့ကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီက မေလ ၂၉ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ ညီလာခံကို ကန်ပက်လက် ၊ မတူပီ ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များတွင် နေထိုင်ကြသည့် ရပ်ကျေးကိုယ်စားလှယ်များ ၊ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ ၊ ကာကွယ်ရေးအဖွဲများ ၊ အထူးဖိတ်ကြားသူများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ပြီး မေလ ၁၆နှင့် ၁၇ရက်များတွင် ပထမဆုံးအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ညီလာခံမှာ လေးမြို့နယ်မှာရှိတဲ့ကိုယ်စားလှယ်အားလုံး စုံညီတက်ရောက်ခဲ့ပြီး ဒိုင်ရ် ဒေသမှာရှိတဲ့ လူထုအားလုံးက အုပ်ချုပ်ရေးနယ်မြေတခုအဖြစ် ပြန်လည်ရပ်တည်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာက ညီလာခံရဲ့ထူးခြားချက်ဖြစ်တယ်” ဟု ညီလာခံတက်ရောက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

ဒိုင်ရ်လူမျိုးများနေထိုင်သည့် နယ်မြေများ ပြန်လည်ပေါင်းစည်းရန်သဘောတူခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံမူများ ရေးဆွဲအတည်ပြုကာ ဒိုင်ရ်ဒေသန္တရကောင်စီ၏ဦးဆောင်မှုဖြင့် အုပ်ချုပ်မှုကဏ္ဍများကို တစုတစည်းတည်း အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ယင်းသို့ ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ဒိုင်ရ်မျိုးနွယ်စုများအကြား စည်းလုံးမှု ပိုမိုရှိလာပြီး အနာဂတ်ဒိုင်ရ်လူမျိုးနွယ်စုများအရေးအရာများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

၎င်းအပြင် စစ်အာဏာရှင်ကိုဖြုတ်ချရေး တော်လှန်ရေးတွင် ပိုမိုအင်အားကောင်းလာပြီး မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် ကျယ်ပြန့်စွာလက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ညီလာခံမှ ဒိုင်ရ်ဒေသနှင့် ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးနှင့် လုံခြုံရေးအတွက် ဒေခံကာကွယ်ရေးတပ်ဖြစ်သည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)ကို လေးမြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ပြန်လည်တည်ဆောက်သွားမည်ဟုဆိုသည်။

ထိုသို့ ပြန်လည်တည်ဆောက်သွားရာတွင် အိမ်နီးချင်းမြို့နယ်အဖွဲ့အစည်းများ ၊ တော်လှန်ရေးအင်အားစုများဖြင့်လည်း လိုအပ်သောတွေ့ဆုံညှိနှိုင်းမှုများ ဒိုင်ရ်ဒေသန္တရကောင်စီမှ ကြိုးစားပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူလူထု၏ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေးကိစ္စအဝဝ စီမံဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တဆက်တည်း ပြည်သူတရပ်လုံးဆင်နွဲနေသည့် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် ရည်မှန်းချက်ပန်းတိုင်တူသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး ၊ ချင်းပြည်တည်ဆောက်ရေးတွင် ဘက်လိုက်မှုမရှိဘဲ ချင်းတော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူတကွ လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒိုရ်လူမျိုးများသည် ကန်ပက်လက် ၊ မတူပီ ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များရှိ ကျေးရွာပေါင်း ၁၀၀ ကျော်တွင် ပြန့်နှံ့နေထိုင်ပြီး လူဦးရေ ၄၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)