မိုးကုတ်တွင် TNLA ရှိရာသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်

ပုံအညွှန်း − တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ၊ ဓာတ်ပုံ − PSLF/TNLA

ရွှေနွယ်
မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်မြို့နယ်တွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက်တွင် သတင်းထုတ်ပြန်သည်။

“တိုက်ပွဲကြာချိန်က နာရီပိုင်းဘဲဗျ။ သေနတ် ၃ လက်ရတယ်။ ထိခိုက်သေဆုံးမှုတော့ အတိအကျ မသိရသေးဘူး” ဟု PSLF/TNLA ၏ သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် ည ၈ နာရီအချိန်ခန့်က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တည်ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့ စစ်ကောင်စီတပ်မှ လာရောက်ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်သံကို မိုးကုတ်မြို့ပေါ်မှလည်း ကြားသိခဲ့ရကြောင်း မိုးကုတ်မြို့ဒေသခံကဆိုသည်။

“မနေ့ညက အသံကြားရတယ်။ လက်နက်ကြီးအသံမျိုး အသံကျယ်ကျယ် သုံးချက်လောက် ကြားလိုက်ရတာ” ဟု မိုးကုတ်မြို့တွင်နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် ယနေ့ နံနက်တွင် မိုးကုတ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့်ကားများ မိုးမိတ်မြို့သို့ တက်သွားသည်ကို မြင်တွေ့ရကြောင်းလည်း အခြားသောမိုးကုတ်ဒေသခံတဦးက ပြောသည်။

“ဒီမနက်တော့ မိုးကုတ်ကနေပြီး မိုးမိတ်ဘက်ကို စစ်ကောင်စီတပ်က စစ်ကား ၁၁ စီး တက်သွားတာတွေ့လိုက်တယ်။ မြင်သလောက်တော့ ကားပေါ်လူအပြည့်ပါတယ်လို့ ထင်ရတာပဲ။ မိုးကုတ်မြို့ပေါ်မှာတော့ ဒီမနက်ငြိမ်နေပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ TNLA ၏ ပြန်ကြားရေးရုံးနှင့် TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်တို့ထံ ဇ္ဈိမမှ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိသေးပေ။

ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိရာ ယင်းလုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည်ဟု PSLF/TNLA က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့သည် အရှေ့ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့နှင့်ထိစပ်လျက်ရှိသည်။ မိုးမိတ်မြို့တွင်မူ စစ်ကောင်စီတပ်နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြားယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ထိ တိုက်ပွဲများပြင်းထန်ဖြစ်ပွါးနေဆဲဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ