အမေရိကန် ထိန်းသိမ်းထားသည့် မြန်မာပိုင် ကန်ဒေါ်လာ  ၁ ဘီလီယံ‌ကျော်မှ အတိုးရရှိရေး NUG ကြိုးပမ်း

ဓာတ်ပုံ -ပုံဟောင်း

ရွှေနွယ်

(မဇ္ဈိမ)။ ။အမေရိကန် အစိုးရ ထိန်းသိမ်းထားသည့် မြန်မာပိုင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံ ပြန်လည် ရရှိရန် NUG က ကြိုးစားလျက်ရှိပြီး အနိမ့်ဆုံးအဆင့်အဖြစ် ယင်းငွေမှ အတိုးငွေရရှိရေး ကြိုးပမ်းနေသည်ဟု သိရသည်။

ယမန်နေ့ (ဇွန်လ ၃ ရက်) ညနေပိုင်းကပြုလုပ်သည့် NUG ၏ “မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စီးပွားရေးပျက်ကပ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ” တွင်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသွားခြင်းဖြစ်သည်။

“ဒီကိစ္စသည် အမေရိကန်သမ္မတ လက်ရှိကတော့ သမ္မတဂျိုးဘိုင်ဒန်ပေါ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ အဓိကမူတည်ပါတယ်။ ဒါသည်မျှော်လင့်ချက်မရှိဘူးလားဆိုတော့ မျှော်လင့်ချက်ရှိပါတယ်။ ရဖို့လွယ်သလားမေးရင်တော့ ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေးကြိုးစားနေရဆဲဖြစ်တယ်” ဟု ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

အတိုးငွေသည် ကန်ဒေါ်လာ သန်းရာဂဏန်းရှိကြောင်း ၊ကြားကာလဗဟိုဘဏ်အကြံပေး မစ္စတာရှောင်တာနယ်လ်နှင့်အတူ ကြားကာလဗဟိုဘဏ်အကြံပေးအဖွဲ့ဝင်များ၊ အခြားသက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ထိုအရေးကို  ကြိုးပမ်းလျက်ရှိကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

ရုရှားကျူးကျော်စစ်စတင်ချိန်တွင် အမေရိကန်က ထိန်းသိမ်းထားခဲ့သည့် ရုရှားအစိုးရပိုင်ငွေကြေးများအနက် အမြတ်အစွန်းငွေများကို ယူကရိန်းနိုင်ငံအား သုံးစွဲရန် ပေးအပ်သွားမည်ဖြစ်ကြောင်း EU မှ သဘောတူညီခဲ့သည့် မကြာသေးမီက ဖြစ်ရပ်သည် ၏ နမူနာယူရမည့် သာဓက တခုဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။

” ကျွန်တော်တို့ အဲ့ဒီလမ်းကြောင်းကနေ ကြိုးစားနေပါတယ်။ သဘော သဘာဝတော့ နည်းနည်းကွာခြားပါတယ်။ သို့သော်လည်း ဒီလိုဖမ်းထိန်းထားတဲ့အနေအထားကတော့ အတူတူပဲဖြစ်ပါတယ်” ဟု ဝန်ကြီးဦးတင်ထွန်းနိုင်က  ဆိုသည်။

ထိုငွေများဖြင့် NUG အတွက်သာမဟုတ်ဘဲ တော်လှန်ရေးမဟာမိတ်များနှင့် မြန်မာ့စီးပွားရေးအကြပ်အတည်းကြား ဆင်းရဲဒုက္ခကြုံတွေ့နေရသည့် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝကိုလည်း အတတ်နိုင်ဆုံးကုစားရန် စီစဉ်နေခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါ ငွေကြေးများရရှိပါက မည်သည့်အခန်းကဏ္ဏတွင်သုံးစွဲမည်ဆိုသည့် မူဝါဒ  NUG တွင် ရှိပြီးဖြစ်ကြောင်း သိရသည်။

“ဒီအရွေ့ကတော့ ဆုံးဖြတ်ချက်သည် အမေရိကန်အစိုးရအပေါ်မှာ မူတည်နေတဲ့အတွက် ဘယ်တော့လောက်ရမယ်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ သို့သော်ကျွန်တော်တို့လုပ်စရာရှိတာကိုတော့ ကျန်ခဲ့တာမရှိရအောင် ပျက်ကွက်မှုမရှိရအောင် ရှိသမျှအရင်းအမြစ်အားလုံးနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်လျက်ရှိတယ်” ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။

ထိုငွေများသည် မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြားအရန် ဘဏ္ဍာငွေ အဖြစ် နယူးယောက်မြို့ Federal Reserve Bank of New York  တွင် အပ်နှံထားခြင်းဖြစ်ပြီး စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင်  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်ဖြင့် အမေရိကန်အစိုးရက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေသည် ပျက်ကပ်ဆိုက်ရောက်နေပြီဖြစ်ကြောင်းလည်း NUG ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်မှ ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားသည်။ ပျက်ကပ်ဆိုက်ရောက်ရခြင်း၏ အဓိကအကြောင်းတရားများအနက် တချက်မှာ စစ်ကောင်စီမှ ငွေစက္ကူအမြောက်အမြားရိုက်နှိပ်နေခြင်းကြောင့်ဖြစ်သည်ဟုလည်း ဆိုသည်။ NUG ကြားကာလဗဟိုဘဏ်အကြံပေး မစ္စတာရှောင်တာနယ်လ်ကမူ မြန်မာကျပ်ငွေသည် တန်ဖိုးမဲ့ ယူနစ်အဖြစ်ရောက်ရှိနေပြီဟု ပြောကြားသွားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး