WFP အဆောက်အဦကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ယင်းလုပ်ရပ်ကို ‌ရှုတ်ချကြောင်း WFP ထုတ်ပြန်

မောင်တောမြို့နယ််၊ ဝေသာလီကျေးရွာမှ မီးလောင်နေသည့် WFP ဂိုဒေါင်နှင့် လူနေအိမ်များ (Photo- AAinfo)

မဇ္ဈိမ

မြို့သိမ်းတိုက်ပွဲများ အရှိန်မြင့်နေသည့် ရခိုင်မြောက်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်က မီးရှို့လိုက်ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (ဇွန်လ ၂၅ ရက်) တွင် ဗွီဒီယိုနှင့်တကွ ထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ကျေးရွာရှိ လူနေအိမ်အချို့ ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားကြောင်း AA က ထုတ်ပြန်သည်။

ထိုသို့ WFP ဂိုဒေါင်များအား ဖောက်ထွင်းလုယက်ခြင်းနှင့် နေအိမ်များအား မီးရှို့သည့် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း WFP က ယနေ့ (ဇွန်လ ၂၅ ရက်) တွင် ကြေညာချက် ထုတ်ပြန်သည်။

စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်စေပြီး ချက်ချင်းရပ်တန့်ရန် WFP က ကြေညာချက်တွင် ပြောထားသည်။

WFP စားနပ်ရိက္ခာသိုလှောင်ရုံ မီးရှို့မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင်တောသိုလှောင်ရုံသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တလစာဖူလုံစေမည့် အရေးပေါ် ကယ်ဆယ်ရေး ရိက္ခာ ၁,၁၇၅ မက်ထရစ်တန် သိုလှောင်ထားပြီး အဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စုံစမ်းနေကြောင်း WFP က ပြောသည်။

စာတည်း။ ။ နောင်နောင်