ခရီးသွားလာခွင့် ကန့်သတ်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများကို ပြင်ပကမ္ဘာနှင့် အဆက်သွယ်ဖြတ်ရန် တရုတ် ကြိုးပမ်း

The Star

တရုတ်၏ အာဏာအရှိဆုံး ဝန်ကြီးဌာနများထဲမှ တခုဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အငယ်တန်း အရာရှိ မက်သရူးသည် ဟာဝိုင်အီကျွန်းများရှိ မာရူအီအပန်းဖြေစခန်းသို့ ၂၀၁၁ခုနှစ်က လက်ထပ်ပြီး ကာစ ဇနီးအသစ်စက်စက်နှင့်အတူ နှစ်ပတ်ကြာ ပျားရည်ဆမ်းခရီးထွက်ခဲ့ကြသည်။

မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ် ကျင်းပရေးအတွက် နှစ်စဉ်နှစ်တိုင်း ပြည်ပသို့ ခရီးထွက်ကြရန် ဇနီးအသစ်လေးကို ခရီးစဉ်ပြီးဆုံးခါနီးတွင် ကတိပေးခဲ့သော်လည်း ယင်းကတိကို မတည်နိုင်ခဲ့ပေ။

ကြီးမားကျယ်ပြန့်သော တရုတ်အစိုးရပိုင်အဖွဲ့အစည်းများဖြစ်သည့် အစိုးရဌာနများ၊ နိုင်ငံပိုင် စီးပွားရေး နှင့် ငွေကြေးလုပ်ငန်းများ၊တက္ကသိုလ်များနှင့် ဆေးရုံများမှ ခေါင်းဆောင်များ အပါအဝင် သန်းနှင့်ချီသော လက်ရှိအစိုးရနှင့် အငြိမ်းစားဝန်ထမ်းများကဲ့သို့ပင် နိုင်ငံခြားသို့ ခရီးသွားလာခွင့် ကန့်သတ်ခံထားရ ကြောင်း ဆယ်နှစ်အကြာတွင် မက်သယူး တွေ့ရှိခဲ့သည်။

မက်သရူးကဲ့သို့သော အခြားတရုတ်အရာရှိများအတွက် လွန်ခဲ့သည့်ဆယ်စုနှစ်တခုက အပန်းဖြေခရီး ထွက်ခြင်းသည် မဆန်းသော်လည်း၊ ၂၀၂၄ခုနှစ်တွင် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များသည် ခရီးသွား လာခွင့်ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ရာထူးတိုးခံရသော်လည်း ခရီးသွားလိုစိတ်ကို ကျေနပ်စေရန် မကူညီနိုင်ခဲ့ပေ၊ တရုတ်တွင် သူ့ကဲ့သို့ အရာရှိများ ရာထူးကြီးလာသည်နှင့်အမျှ ခရီးသွားမှုအပေါ် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာသောကြောင့် ဖြစ်သည်။

အချို့သောကိစ္စများတွင် လုံးလုံးလျားလျား ပိတ်ပင်မှုများနှင့် ဆင်တူသည့် ကန့်သတ်ချက်များသည် အကျင့်ပျက်အရာရှိများ ပြည်ပထွက်ပြေးခြင်း၊ နိုင်ငံတော်လျှို့ဝှက်ချက်များ ခိုးယူခြင်း သို့မဟုတ် နိုင်ငံခြားသူလျှိုများ၏ ခြိမ်းခြောက်မှုတို့အပါအဝင် ကျယ်ပြန့်သောအန္တရာယ်များကို ရှောင်ရှားရန် တရုတ်အစိုးရက ကြိုးပမ်းနေသောကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ပိုမိုတင်းကျပ်လာခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် သုံးနှစ်ကြာ တင်းကျပ်သော နယ်နိမိတ်ထိန်းချုပ်မှုများ ပြုလုပ်ပြီးနောက် ကျန်ကမ္ဘာ့ နိုင်ငံများနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခဲ့သလို၊ အဆင့်မြင့်ပညာတတ်ပြီး အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများကို ကန့်သတ်ချုပ်ချယ်မှုများဆက်လက်တင်းကျပ်လာခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ဗဟိုအဆင့်မှ ခရိုင်အဆင့်အထိ၊ အဖွဲ့အစည်းအသီးသီးနှင့် အေဂျင်စီများသည် ကိုယ်ရေးကိုယ်တာပြည်ပခရီးစဉ်များကို ကန့်သတ်ရန် စည်းမျဉ်းသစ်များကို ဆက်လက်ထုတ်ပြန်ခဲ့ပြီး ပိုမိုစိစစ်မှုများ ပြလုပ်လာခဲ့သည်။

ခရီးသွားလွတ်လပ်ခွင့်ကို ဟန့်တားခြင်းအပြင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာ ခရီးသွားကန့်သတ် ချက်များသည် တရုတ်နှင့် လူချင်းတွေ့ဆုံရမည့်အစည်းအဝေးများအတွက် အဟန့်အတားဖြစ်စေပြီး၊ သတင်းအချက်အလက် စီးဆင်းမှုကို ကန့်သတ်ခံရသလို နိုင်ငံ၏ မူဝါဒများကို နေ့စဥ်ဖော်ဆောင်ရန် တာဝန်ရှိသောသူများ၏ အမြင်များကို အနှောင့်အယှက်ဖြစ်စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

တရုတ်နိုင်ငံတော်မူဝါဒများကို အကောင်အထည်ဖော်ရန် တာဝန်ပေးခံထားရသော လူအများအပြားကို ကန့်သတ်ခြင်းသည် ရေရှည်တွင် ဆုံးရှုံးမှုကို ဖြစ်စေလိမ့်မည်ဟု ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာရှင် သလီယမ်က ဆိုသည်။

အပျော်ခရီးအတွက်ဖြစ်စေ နိုင်ငံရပ်ခြားရှိ သူငယ်ချင်းထံသို့ အလည်အပတ်ခရီးထွက်ရန်ဖြစ်စေ ခရီး သွားခြင်းတွင် “ရှုထောင့်ကိစ္စတခုပါဝင်ပြီး တခါတရံတွင် အတွေးအမြင်ကို ကျယ်ပြန့်စေပါတယ်” ဟု ၎င်းက ဆိုသည်။

လူသိရှင်ကြား ရရှိနိုင်သော တရားဝင် စည်းမျဉ်းများနှင့် အမည်မဖော်လိုသည့် ရင်းမြစ်များစွာအရ ခရီးသွားလာခွင့်ကန့်သတ်ချက်ခံရသူများမှာ တရုတ်နိုင်ငံ့ဝန်ထမ်းအားလုံးနီးပါးဖြစ်ပြီး အများစုမှာ နိုင်ငံပိုင်ဘဏ္ဍာရေးကဏ္ဍမှ ဝန်ထမ်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် တက္ကသိုလ်များနှင့် ဆေးရုံများမှ အကြီးအကဲများ ဖြစ်သည်။

လူတဦးမှ ၎င်းတို့၏ အဆိုပြုထားသော ခရီးစဉ်အသေးစိတ်တိုင်းကို အစီရင်ခံရန် လိုအပ်သည့် ရှုပ်ထွေး ပြီး ပွင့်လင်းမြင်သာမှုမရှိသော ခွင့်ပြုချက်လုပ်ငန်းစဉ်များဖြင့် ပထမအဆင့်မှာ ဝန်ထမ်း၏ နိုင်ငံကူး လက်မှတ်ကို အသုံးမပြုဖြစ်အောင် တရုတ်အစိုးရက ပြုလုပ်ထားသည်။

အဆိုပါအစီအမံများသည် နိုင်ငံရပ်ခြားသို့ ကိုယ်ရေးကိုယ်တာခရီးသွားရောက်လိုပါက မိမိနိုင်ငံကူး လက်မှတ်ကို “ငှား” ရန် လျှောက်ထားရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ခွင့်ပြုချက်လုပ်ငန်းစဉ်တခု၏ ဥပမာအနေဖြင့် ဝန်ကြီးဌာနတခုမှ လျှောက်ထားသူများသည် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဆွေမျိုးများထံသွားရောက်လည်ပတ်ရန်ဖြစ်လျှင် ပြည်ပမှ ဆွေမျိုးများထံမှ ဖိတ်ကြားစာများ ထည့်သွင်းရန် ဖော်ပြရန်လိုအပ်သည်။

ဟောင်ကောင်နှင့် မကာအိုသို့ ခရီးစဉ်များသည် အလားတူ ကန့်သတ်ချက်များ ရှိသော်လည်း ပိုမို လွယ်ကူလေ့ရှိသည်။

ခရီးသွားအစီအမံအသစ်အရ လူတဦးသည် နိုင်ငံရပ်ခြား သို့ ခရီးသွားလိုပါက ၎င်း၏ နိုင်ငံကူးစာအုပ်ကို “ငှား” ရန် လျှောက်ထားရမည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ရာထူးကြီးသူများ သို့မဟုတ် လျှို့ဝှက်အချက်အလက်များ ပိုမိုဝင်ရောက်ခွင့်ရရှိသူများသည် ယေဘုယျ အားဖြင့် ၎င်းတို့အပေါ်တွင် ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များရှိသည်။ ညွှန်ကြားရေးမှူးချုပ်အဆင့် နှင့် အထက်ရှိသော အရာရှိများသည် ၎င်းတို့၏ အငြိမ်းစားယူပြီးနောက်တွင်ပင် ၎င်းတို့အပေါ် အမြဲတမ်း တင်းကျပ်သော ကန့်သတ်ချက်များ ရှိနေသည်။

ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ထွက်ခွာနေမှုများကို စောင့်ကြည့်ရန် ရဲတပ်ဖွဲ့နှင့် နယ်စပ်ထိန်းချုပ်ရေး အာဏာပိုင်များက စာရင်းများကို အမြဲစာရင်းသွင်းနေသည်။

နိုင်ငံခြားခရီးသွားလာခွင့်အတွက် နှစ်စဉ်ခွဲတမ်းအများစုသည် ၁၀ ရက်ထက်နည်းသောကြောင့် လူအများအပြားက လျှောက်ချင်စိတ်ပင် မရှိဖြစ်နေသည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက ဗြိတိန်ရှိ အောက်စ်ပို့တက္ကသိုလ်တွင် ၎င်း၏သားဖြစ်သူ ဘွဲ့နှင်းသဘင် အခမ်း အနားသို့ တက်ရောက်ရန်လျှောက်ထားသည်ကို “ဦီးစားပေးအစီအစဉ်မရှိသေးဟူသည့်” အကြောင်းပြ ချက်ဖြင့် ပယ်ချခဲ့ကြောင်း အရှေ့တောင်ပိုင်းပြည်နယ်အခြေစိုက် အရာရှိတဦးက ပြောကြားခဲ့သည်။ လေယာဉ်လက်မှတ်များ ဝယ်ထားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ဟောင်ကောင်တွင် ယခုအလုပ်လုပ်နေသည့် သားဖြစ်သူထံသို့ သွားရောက်လည်ပတ်ရန် သူမ၏ တောင်းဆိုမှုကို ယခုနှစ်တွင် ထပ်မံ ပယ်ချခဲ့သည်။

မည်သူက ခရီးသွားခွင့်ရှိပြီး မည်သူကို သွားခွင့်မပြုဟူသည့် ဆုံးဖြတ်သည် အထက်လူကြီးနှင့် ဆိုင်ပြီး အချို့က ခရီးသွားခွင့်ရရန် ပိုမိုခက်ခဲတတ်သည်။

ပထမဆုံး ခရီးသွားလာခွင့် ပိတ်ပင်မှုကို ချမှတ်ပြီးနောက် ဆယ်စုနှစ်များအတွင်း ကန့်သတ်ချက်များကို အစိုးရအကြီးအကဲများက ဆက်လက် တိုးချဲ့လျက်ရှိသည်။

ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျီကျန်းပြည်နယ်ရှိ ချမ်းသာသော ကမ်းရိုးတန်းမြို့ ဝမ်ကျိုး တွင် ဒုတိယညွှန်ကြားရေးမှူးအဆင့်နှင့် အထက်အရာရှိများအား အငြိမ်းစားယူပြီးနောက် အနည်းဆုံး နှစ်နှစ် ခရီးသွားလာခွင့်ကန့်သတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အနောက်မြောက်ဘက်ချင်ဟိုင်ပြည်နယ်၊ မန်ဂါခရိုင်အာဏာပိုင်များက ခရိုင်အတွင်းရှိ လူဦးရေ၏ ငါးရာခိုင်နှုန်းကျော်ဖြစ်သည့် အရာရှိ ၁,၀၀၀ ကျော်သည် နိုင်ငံရပ်ခြားသွားလာခွင့် ကန့်သတ်ထားကြောင်း ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။

တရုတ်တွင် နိုင်ငံ့ဝန်ထမ်းအရေအတွက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပုံမှန်ထုတ်ပြန်လေ့မရှိသော်လည်း ၂၀၁၅ နှစ်ကုန်ပိုင်းတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံ့ဝန်ထမ်း ခုနစ်သန်းခန့်ရှိကြောင်း တရုတ်လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ္ဍာငွေ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် တိမ်းရှောင်ခြင်းတို့ဖြင့် ပြည်ပသို့ အကြီးတန်းအရာရှိများ ထွက်ပြေးခြင်းကို တားဆီးရေးအတွက် ပထမဆုံး တိကျသချောမှုမရှိသေးသည့် နိုင်ငံခြားခရီးသွား စည်းမျဉ်းကို ၁၉၉၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့် အထက်အရာရှိများ၏ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ရန် ဒေသဆိုင်ရာအစိုးရများကို တောင်းဆိုခဲ့သည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ ပိုများလာခဲ့သည်။

သို့သော် ကန့်သတ်ချက်များသည် ၂၀၁၄ ခုနှစ်တွင် သိသိသာသာ အရှိန်မြှင့်လာခဲ့သည်။ ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု နှစ်နှစ်ကြာပြီးနောက် ကန့်သတ်ချက်များက အဓိက နိုင်ငံပိုင်ဘဏ္ဍာရေး အဖွဲ့အစည်းများအပြင် နိုင်ငံပိုင်ကုမ္ပဏီများနှင့် တက္ကသိုလ်များတွင် ခေါင်းဆောင်မှုပိုင်းအထိပါ ကျယ်ပြန့်လာခဲ့သည်။

ထိုနှစ်တွင်ပင်၊ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသည် မြေခွေးဖမ်းစစ်ဆင်ရေးအမည်ရသည့် စီးပွားရေး တရားခံပြေးများ အထူးသဖြင့် ပြည်ပသို့ ထွက်ပြေးသွားသော အကျင့်ပျက် အရာရှိများကို ရှာဖွေပြီး နေရပ်ပြန်ပို့ရန် ရည်ရွယ်သည့် လှုပ်ရှားမှုကို စတင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တရုတ်ရဲများနှင့် ပါတီ၏ အမှုထမ်းဌာနတို့ ပူးပေါင်း၍ တာဝန်ရှိသူများ၏ ခရီးသွား လာခွင့် ကန့်သတ်ချက်များကို ချိုးဖောက်မှုများအား နှိမ်နင်းရန် လှုပ်ရှားမှုတခုကို စတင်ခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအား ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံးပြင်ဆင်ချက်အဖြစ် နိုင်ငံရပ်ခြားသို့ လျှို့ဝှက်သတင်းအချက်အလက်ရယူခွင့်ရှိသည့် ဝန်ထမ်းများအား ဖေဖော်ဝါရီတွင် နိုင်ငံတော်အဆင့် တင်းကျပ်ခဲ့သည်။

တရုတ်အစိုးရ၏ ယင်းကန့်သတ်ချက်များနှင့် ပတ်သက်ပြီး ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာရှင် သလီယမ်က “တံခါးပိတ်ပြီး အထီးကျန်ဆန်လိုက်ရင် ဆုံးရှုံးမှုတွေ ရှိပါလိမ့်မယ်”ဟု ဆိုခဲ့သည်။