ဂျိုကိုဗစ်ထံကနေ နံပါတ်( ၁ )နေရာကို လွှဲပြောင်းရယူတဲ့ ဆင်နား

ATP က ၎င်းရဲ့ အဆင့်သတ်မှတ်ချက်အသစ်ကို ထုတ်ပြန်လိုက်ချိန်မှာတော့ ယန်းနစ် ဆင်နားရဲ့ ကမ္ဘာ့ နံပါတ် (၁) ကို တက်လာနိုင်ရေး မျှော်မှန်းချက်ဟာ တနင်္လာနေ့မှာ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး အီတလီတင်းနစ်သမားလည်းဖြစ်လာခဲ့ပါတယ်။

ဆင်နားဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပေမယ့် လက်ရှိ ချန်ပီယံ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အယ်လ်ကာရက်ဇ်က ဒီနိုင်ပွဲကြောင့် အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာကို ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက နံပါတ် (၁) နေရာရယူခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်က တတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။

ဂျိုကိုဗစ်အနေနဲ့ ဒူးဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းကနေ ထွက်ခွာခဲ့ရတာကြောင့် အခုလို အဆင့်ကျသွားခဲ့တာပါ။

ဂျိုကိုဗစ်ဟာ နံပါတ် (၁) နေရာမှာ ရက်သတ္တပတ်ပေါင်းများစွာ အကြာရှည်ဆုံး ရပ်တည်နိုင်တဲ့ စံချိန်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ့ရဲ့ စုစုပေါင်း မှတ်တမ်းမှာ ၄၂၈ ပတ်ဖြစ်ပြီး နောက်ထပ်အကောင်းဆုံးစံချိန်ကို ရရှိခဲ့သူ ရော်ဂျာဖက်ဒါရာထက် ၁၁၈ ပတ် ပိုများပါတယ်။

ပဲရစ်ဗိုလ်လုပွဲမှာ အယ်လ်ကာရက်ဇ်ကို ရှုံးနိမ့်ပြီး ဒုတိယရရှိခဲ့တဲ့ ဂျာမန်တင်းနစ်သမား အလက်ဇန်းဒါး ဇဗဲရက်ဗ်က နံပါတ်( ၄ )နေရာမှာ ရှိပါတယ်။ သူ့ရဲ့နောက်မှာတော့ ရုရှားတင်းနစ်သမားတွေဖြစ်တဲ့ မက်ဗီဒက်နဲ့ ရူဘလက်တို့ အသီးသီးရပ်တည်နေကြပါတယ်။

(AFP)