တရုတ်တွင် #MeToo လှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် အမျိုးသမီးဂျာနယ်လစ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရားရုံးတခုကို တွေ့ရစဉ် (ဓာတ်ပုံ- အေအက်ဖ်ပီ)

RSF.org

#MeToo လှုပ်ရှားမှု၌ ပါဝင်ပတ်သက်မှုကြောင့် လူသိများသည့် တရုတ်စုံစမ်းထောက်လှမ်းမှု ဂျာနယ်လစ်တဦးဖြစ်သော ဟွမ် ရွှီချင်သည် ရက်ပေါင်း ၁,၀၀၀ နီးပါးကြာ ထိန်းသိမ်းခံရပြီးနောက် ဇွန်လ ၁၄ ရက်တွင် “နိုင်ငံတော်အာဏာကို ဖြိုဖျက်ရန် လှုံ့ဆော်မှု” ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရသည်။ သူမကို ချက်ချင်း ပြန်လွှတ်ပေးရေး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က တောင်းဆိုသည်။

တရုတ် စုံစမ်းထောက်လှမ်းမှု ဂျာနယ်လစ် ဟွမ် ရွှီချင် (ဆိုဖီယာ ဟွမ်) ကို ၂၀၂၄ ၊ ဇွန် ၁၄ ရက်တွင် ကွမ်ကျိုး (တရုတ်တောင်ပိုင်း) ရှိ တရားရုံးတခုက “နိုင်ငံတော်အာဏာကို ဖြိုဖျက်ရန် လှုံ့ဆော်မှု” စွဲချက်ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခြင်း ဖြစ်သည်။

တရုတ်ရှိ #MeToo လှုပ်ရှားမှု၏ ပုဂ္ဂိုလ်တဦးဖြစ်သည့် ဟွမ်သည် ၂၀၂၁ စက်တင်ဘာလက ယူကေသို့ ပညာသင်ယူရန် မထွက်ခွာမီ တရက်အလိုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဂျာနယ်လစ်များနှင့် ဟွမ်၏ ထောက်ခံအားပေးသူများ တရားခွင်သို့ မဝင်ရောက်စေနိုင်ရန် ရဲအင်အား ထူထပ်စွာ ချထားခဲ့သည့် တရားရုံးက အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူ ဝမ် ကျန်ဘင်းကိုလည်း ထိုတူညီသော စွဲချက်ဖြင့်ပင် ထောင်ဒဏ် သုံးနှစ်နှင့် ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့သေးသည်။

ဂျာနယ်လစ် ဟွမ်ကို ၂၀၂၃ ၊ စက်တင်ဘာ ၂၂ ရက်တွင် တရားရုံးက တံခါးပိတ် ရုံးတင် စစ်ဆေးခဲ့သော်လည်း ယင်းအချိန်က ပြစ်ဒဏ်ကို ကြေညာခဲ့ခြင်း မရှိပေ။ ထိန်းသိမ်းခံရစဉ်အတွင်း ဟွမ်သည် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု သိရပြီး တရုတ်ရဲများ အသုံးပြုသည့် နာမည်ဆိုးထွက်သော ညှဉ်းပန်းနှိပ်စက်မှု ကိရိယာတခုဖြစ်သည့် “ကျား ကုလားထိုင်” တွင် အချိန်ကြာရှည်စွာ စစ်မေးခံရမှုများကြောင့် သူမ၏ ခါးတွင် ပြင်းထန်နာကျင်ဝေဒနာများ ခံစားခဲ့ရကြောင်း သိရသည်။

“ဟွမ် ရွှီချင်ဟာ လူမှုဆိုင်ရာ အရေးကိစ္စတွေကို အများသိအောင် ဖွင့်ထုတ်ရင်းနဲ့ အများပြည်သူအကျိုးအတွက် လုပ်ပေးခဲ့ရုံသာဖြစ်ပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံရတာ ဒါမှမဟုတ် ခုလိုမျိုး ကြီးလေးတဲ့ ထောင်ဒဏ်ပြစ်ဒဏ်မျိုး ကျခံရဖို့မပြောနဲ့။ သူဟာ ဘယ်တုန်းကမှ မထိန်းသိမ်းခံခဲ့ရသင့်ပါဘူး။ ဒါကြောင့် ဟွမ် ရွှီချင် အပြင် တရုတ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြား ဂျာနယ်လစ်တွေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အရေး ခုခံကာကွယ်သူ ၁၁၈ ယောက်ကို ချက်ချင်းပြန်လွှတ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တရုတ်အာဏာပိုင်တွေအပေါ် ဖိအားပေးဖို့ မိမိတို့ တောင်းဆိုတယ်” ဟု RSF ၏ အာရှ-ပစိဖိတ်ဗျူရို ညွှန်ကြားရေးမှူး စီဒရစ် အယ်လ်ဗီယန်နီက ပြောသည်။

၂၀၁၈ ခုနှစ်က ဂျာနယ်လစ် ဟွမ်သည် အမျိုးသမီး အခွင့်အရေးကိစ္စမှ စပြီး အကျင့်ပျက်ခြစားမှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ညစ်ညမ်းမှုအထိ ပါသော အကြောင်းအရာများနှင့်ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့သလို မီဒီယာလုပ်ငန်းထဲ၌ ကျားမ အခြေပြု နှောင့်ယှက်မှုတို့ ပျံ့နှံ့နေမှုကို ဖော်ထုတ်သည့် ဆန်းစစ်လေ့လာမှုများကို လုပ်ဆောင်ခဲ့သည်။ သူမသည် ပေကျင်းရှိ တရုတ်၏ နာမည်အကြီးဆုံး တက္ကသိုလ်တခု၌ တရုတ်၏ ပထမဆုံး #MeeToo လှုပ်ရှားမှုကို ကူညီအဆိုပြုခဲ့ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့်ပတ်သက်ပြီး သတင်းပေးပို့အကြောင်းကြားနိုင်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းတခုကိုလည်း ဖန်တီးခဲ့သည်။ ၂၀၁၉ တွင် ဟွမ်သည် ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို သတင်းရယူမှုအတွက် “ပြဿနာဖြစ်အောင် ဖန်တီးလှုံဆော်မှု” စွဲချက်အောက်တွင် သုံးလကြာ ထိန်းသိမ်းခံခဲ့ရသေးသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၁၈ ဦးထက်မနည်းနှင့်အတူ ဂျာနယ်လစ်များနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် ခုခံကာကွယ်သူများအတွက် ကမ္ဘာ့အကြီးဆုံး အကျဉ်းထောင်ဖြစ်သည့် တရုတ်သည် RSF ၏ ၂၀၂၄ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၂ အဖြစ် သတ်မှတ်ခံရသည်။