မိုးကြီးနိုင်၍ ရေဘေးထပ်မံသတိပေး

ပုံအညွှန်း - မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁၃ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက်လမ်းတွင် မြေပြိုမှု ဖြစ်ပွါးစဉ်။

ပုံအညွှန်း – မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁၃ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက်လမ်းတွင် မြေပြိုမှု ဖြစ်ပွါးစဉ်။

ရောင်နီ

(မဇ္ဈိမ)။ ။မုတ်သုံလေကြောင့် ဒေသအများစု မိုးဆက်လက်အားကောင်းနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု‌ ဘေးအန္တရာယ် ကြိုတင်သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။

ယနေ့(ဇွန်လ ၁၇ ရက်)မှ ဇွန်လ၂၃ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်တွင် မုတ်သုံလေအားကောင်းနေမှုကြောင့် မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုး ဆက်လက်ရွာနိုင်ကြောင်းနှင့်ရခိုင်ကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ်ဒေသများ၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်တို့၌ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

မိုးသည်းထန်ခြင်း၏နောက်ဆက်တွဲ ရေကြီးရေလျှံနှင့်မြေပြိုဘေးဒဏ်များအတွက် ကြိုတင်၍ အထူးအလေးထားပြင်ဆင်ရန်လည်း MOHADM က အသိပေးသည်။

MOHADMသည် ရက်သတ္တပတ်တပတ်ချင်းစီအလိုက် မိုးလေဝသခန့်မှန်းချက်များထုတ်ပြန်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် တပတ်ကလည်း မိုးကြီးမှုနှင့်အတူ ရေဘေးနှင့်မြေပြိုမှုဘေးသတိပေးခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးပိုနေမည်ဖြစ်ကြောင်း ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နေရာကွက်မိုးကြီးနိုင်သည့် မိုးတိမ်ထောင်အန္တရာယ်လည်းရှိကြောင်း သတိပေးထားသည်။

ယခုရက်ပိုင်းတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ မိုးကောင်းနေပြီး ရှမ်းနှင့် ကရင်ပြည်နယ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး
လမ်းပိုင်းအချို့ ပျက်စီးမှုများ ရှိနေသည်။

မိုးကြီးမည်ဟုသတိပေးထားသည့်ဒေသများအနက် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဒေသတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ထားရပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူအများအပြားရှိနေသည်။

စာတည်း – အေးချမ်း