နောင်ချိုတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်ရာ ၂ ရက်အတွင်း TNLA မှ ၃ ဦး သေဆုံး

ပုံအညွှန်း-နောင်ချိုတွင် ဇွန် ၁၉ ရက်နေ့၌ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု၊​ ဇွန် ၁၈ ရက်နေ့တွင် သေဆုံးခဲ့သည့် TNLA တပ်သား \ ဓါတ်ပုံ-TNLA

ပုံအညွှန်း-နောင်ချိုတွင် ဇွန် ၁၉ ရက်နေ့၌ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု၊​ ဇွန် ၁၈ ရက်နေ့တွင် သေဆုံးခဲ့သည့် TNLA တပ်သား \ ဓါတ်ပုံ-TNLA

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )တပ်စခန်းရှိရာ နေရာများကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး နှစ်ရက်အတွင်း TNLA တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“သူတို့ရဲ့ လုပ်ဆောင်ချက်ကတော့ ခုလက်ရှိပုံစံဆို ကျမတို့ကို ဦးတည်ပြီးတော့မှ တိုက်ခိုက်တာဖြစ်သလို ကျမတို့ရဲ့ အရပ်သားတွေကိုလည်း ဦးတည်ပြီးတော့မှ တိုက်ခိုက်တာဖြစ်တယ်။ ကျမတို့ဘက်က ဘယ်လိုတုံ့ပြန်သွားမယ်ဆိုတာကိုတော့ မပြောတတ်သေးဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၁၈ ရက်နေ့တွင် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်မှ ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာမှ TNLA တပ်ဖွဲ့ဝင် တဦး သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့် တွင်လည်း ဆမ္မဆယ်ကျေးရွာရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်မှ နှစ်ကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး TNLA တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း TNLA မှ ဇွန် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုဇွန် ၁၉ ရက်နေ့တွင်ပင် ကျောက်မဲမြို့နယ် တောင်နီကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် အရပ်သား တဦး သေဆုံးကာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား သုံးဦး ဒဏ်ရာရှိခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာ ရရှိခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များရှိ အရပ်သားနေထိုင်ရာ နေရာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိပြီး ယခုဇွန်လတွင်မူ TNLA တပ်စခန်းရှိသည့် နေရာများကိုပါ ဦးတည်တိုက်ခိုက်လာခြင်းဖြစ်သည်။

ယင်းအပြင် TNLA ထိန်းချုပ်ထားသည့် မြို့များကို ဆက်သွယ်သွားလာနိုင်သည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းများကိုလည်း စစ်ကောင်စီတပ်မှ လုပ်ဆောင်လာကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ယင်းလုပ်ရပ်များသည် ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီထားသည့် ဟိုင်ဂင် အပစ်ရပ်စာချုပ်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က စစ်ကောင်စီကို မကြာခဏ သတိပေးထုတ်ပြန်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ့်ခန်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ စသည့် မြို့များကို TNLA မှ တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား၊ လူအင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး နှစ်ဖက် တင်းမာမှုကိစ္စများရှိလာသဖြင့် ရှမ်းမြောက်တွင် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)