ရွှေကျင်တွင် လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ပုံအညွှန်း- ဒဏ်ရာရ ခြောက်လသားအရွယ် ကလေးငယ် ဆေးကုသမှု ခံယူစဉ် (ဓါတ်ပုံ- KPSN)

ပုံအညွှန်း- ဒဏ်ရာရ ခြောက်လသားအရွယ် ကလေးငယ် ဆေးကုသမှု ခံယူစဉ် (ဓါတ်ပုံ- KPSN)

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ဘောကထာရွာကို တိုက်လေယာဉ်ဖြင့် ဗုံးခြောက်လုံးကြဲချတိုက် ခိုက်ခဲ့ပြီး လေယာဉ်ပစ်သေနတ်ဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံး၍ ရှစ်ဦးဒဏ်ရာရခဲ့ သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)က ထုတ်ပြန်ထားသည်။

ရွှေကျင်မြို့နယ် ပဒဲကောနှင့် ဘောကထာရွာတို့တွင် ဧပြီလ ၂၂ ရက် နံနက် ၁၁ နာရီဝန်းကျင်က လေ ကြောင်းမှဗုံးကြဲခံရခြင်းဖြစ်ပြီး သေဆုံးသူများမှာအမျိုးသမီးနှစ်ဦးဖြစ်ကာ ဒဏ်ရာရသူများအနက် ခြောက် လသားအရွယ် ကလေးငယ်တဦးပါဝင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ငါးကြိမ်တောင် ကြဲသွားတာ။ အိမ်တွေ ပျက်စီးတာလည်း အများကြီးပဲ။ လူအထိအခိုက်က နှစ်ဦးသေပြီး ရှစ်ဦးဒဏ်ရာရတယ်ကြားတယ်။ ဆုံးသွားတာက အမျိုးသမီးတွေချည်းပဲ”ဟု ရွှေကျင်မြို့နယ်မှ အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း- ဒဏ်ရာရ ခြောက်လသားအရွယ် ကလေးငယ် ဆေးကုသမှု ခံယူစဉ် (ဓါတ်ပုံ- KPSN)

KNU တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာ ဝန်ခံကမူ ထိခိုက်မှုနှင့် ပျက်စီးမှုအသေးစိတ်အား စာရင်းပြုစု၊ စီစစ်နေဆဲဖြစ်ကြောင်း ဆိုသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမပြုမီ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)က ဘောကထာ၊ ပဒဲကော အပါအဝင် အနီးအနားကျေးရွာများကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အပါ အဝင် လူ့အခွင့်အရေးချိုးဖောက်သည့်လုပ်ရပ်များကို နေ့စဉ်ခံစားနေရပြီး လုံခြုံမှုကင်းမဲ့စွာ အသက်ရှင် နေထိုင်နေရသည်ဟု ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာ အစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် အတွက် ထိရောက်သောအရေးယူမှုများပြုလုပ်ပေးရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ် ဆယ်ရေးကော်မတီက တောင်းဆိုထားသည်။

စာတည်း။ ။စောဖေ