KNU နယ်မြေအတွင်း စစ်ဘေးရှောင် ၁၁ သိန်းနီးပါးရှိဟု KNU ထုတ်ပြန်

ပုံအညွှန်း- KNU နယ်မြေအတွင်းမှ စစ်ဘေးရှောင်ပြည်သူအချို့

ပုံအညွှန်း- KNU နယ်မြေအတွင်းမှ စစ်ဘေးရှောင်ပြည်သူအချို့

YT

(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများအတွင်း ပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ ၁,၀၇၈,၅၀၅ ဦးအထိ ရှိလာကြောင်း KNU ဗဟိုက ယနေ့ (ဇွန်လ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၂၀ ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် စစ်ကောင်စီ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ်၊ မေလအထိ စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အရေအတွက်ကို ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း မဇ္ဈိမနှင့် KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးနှင့် သီးသန့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် စစ်ဘေးရှောင်ဦးရေ ၇၅၀,၀၀၀ ကျော်ရှိကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့ရာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ဘေးရှောင်အရေအတွက် သုံးသိန်းကျော် တိုးလာခဲ့ကြောင်း သိရသည်။

နေအိမ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်အရေအတွက် အများဆုံးနယ်မြေမှာ KNU တပ်မဟာ (၃)၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်) ဖြစ်ပြီး စစ်ဘေးရှောင် ၄၉၄,၅၉၀ ဦး ရှိသည်။ ထို့နောက် KNU တပ်မဟာ (၆) ဒူးပလာခရိုင်တွင် ၁၅၄,၃၃၀ ဦးရှိပြီး ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် ၁၁ သိန်းနီးပါးအနက် ၆၀၀,၀၀၀ သိန်းကျော်ကို KNU က အကူအညီပေးထားပြီး ကျန်သည့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် စစ်ဘေးရှောင် ၁၁ သိန်းနီးပါးလုံးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း KNU ​၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ကလည်း ယနေ့ ကမ္ဘာ့ဒုက္ခသည်များနေ့တွင် နိုင်ငံဖြတ်ကျော် ခိုလှုံလာသူများကို ဝင်ခွင့်ပြုရန်၊ အထောက်အပံ့နှင့ အကာအကွယ်ပြုရန်၊ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အေဂျင်စီများနှင့် ဒေသအတွင်းလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့ အစည်းများ (CSO) များမှတဆင့် အကူအညီများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် နိုင်ငံတကာတာဝန်ရှိသူများနှင့် နိုင်ငံခြားအစိုးရများကို တောင်းဆိုထားသည်။

ထို့ပြင် စစ်ကောင်စီသည် လက်ရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများကို ဖြစ်စေသည့် တရားခံဖြစ်ကြောင်း အသိအမှတ်ပြု၍ ၎င်းတို့နှင့် သဘောတူလက်မှတ်ရေးထိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှောင်ကျဉ်ရန်၊ စစ်ကောင်စီကို ကူညီထောက်ပံ့မှုများ ဖြစ်ဝေခြင်းအတွက် ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာမပေးရန်နှင့် ထောက်ပံ့မှုများကို ၎င်းတို့မှတဆင့် ပေးပို့ခြင်းကို ရှောင်ကျဉ်ပေးရန်၊ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအဆင့်တရားစီရင်ရေးတွင် ချက်ချင်းအရေးယူရန် KHRG က တောင်းဆို တိုက်တွန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)