မတ္တရာတွင် ပြင်းထန် တိုက်ပွဲဖြစ်ပွား ၊ မြို့သို့ စစ်ရှောင်လာသူများကို စစ်ကောင်စီ မြို့တွင်း ဝင်ခွင့်မပြု

ပုံအညွှန်း- မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်သားများ

ပုံအညွှန်း- မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်သားများ

၀၀၈

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းတွင် ပြင်းထန်တိုက်ပွဲများဖြစ်ပွားနေ၍ မတ္တရာမြို့သို့ စစ်ရှောင်လာသူများကို စစ်ကောင်စီက မြို့တွင်းဝင်ခွင့်မပြုဘဲ လမ်းပိတ်ထားကြောင်း သိရသည်။

ယနေ့ ( ဇွန် ၂၅ရက်) နံနက် ၆ နာရီခန့်မှ စတင်၍ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံတဦးက ပြောသည်။

မတ္တရာမြို့နှင့်၁၀မိုင်ခန့်အကွာတွင်ရှိသည့် အင်ကြင်းမြိုင် လေကြောင်း အရန်ကာကွယ်ရေးတပ်ကို ယနေ့ နံနက် ၆နာရီခန့်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စတင်ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်လာခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဆည်တော်၊ အင်ကြင်းမြိုင် အပါအဝင် ကျေးရွာ ၁၁ရွာမှ ဒေသခံပြည်သူအများစုသည် မတ္တရာမြို့ဘက်သို့ တိမ်းရှောင်လာရာတွင် စစ်ကောင်စီတပ်ဖွဲ့က မြို့ဝင် ၊ မြို့ထွက်ကို ပိတ်ထားပြီး ဝင်ခွင့်မပြုခြင်းကြောင့် အခက်အခဲများဖြစ်လျက်ရှိသည်ဟု စစ်ရှောင်တဦးကဆိုသည်။

“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကျော်ကတည်းက ရောက်နေတယ်။ မြို့ထဲဝင်ခွင့်မပေးသလို ဖြတ်သန်းခွင့်လည်း မပေးဘူး။ ပန်ယျရွာထိပ်က စပိတ်ထားတာပဲ။ ကျွန်တော်တို့က မတ္တရာဖြတ်ပြီး မန္တလေးကိုသွားရှောင်မှာ အများစုက မတ္တရာမှာ ခိုကြမှာ။ ကျောင်းတကျောင်းက ဆရာတော်က စစ်ရှောင်တွေ ယာယီခိုလုံဖို့ ပြင်ဆင်ပေးထားတယ်ပြောတယ်။”ဟု စစ်ရှောင်တဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် မတ္တရာမြို့ အဝင်၊ အထွက်၊ အနောက်လမ်းနှင့် အရှေ့လမ်းများကို ပိတ်ဆို့ထားပြီး စိုးမိုးမြောက်‌ပေါက်လမ်း ၊ မတ္တရာ-ပင်းယျလမ်း ၊ မတ္တရာ-မန္တလေး လမ်းပိုင်း ၊မတ္တရာ အနောက် ပိတောက်ပင်တံတား လမ်း ၊မတ္တရာ အနောက်တောင်-သံတံတား လမ်းများကိုလည်း ပိတ်ဆို့ထားကြောင်းသိရသည်။

“လေကြောင်းအရန်ဘက်က ပေါက်ကွဲသံတွေ စကြားရတယ်။ အစက ဒီအတိုင်းလာပစ်တယ်ထင်တာ နာရီဝက်လောက်ထိ သေနတ်သံ လက်နက်ကြီးသံတွေကြားမှ တိုက်ပွဲကြီး ဖြစ်တယ်ဆိုသိလိုက်တယ်။ သိသိချင်း တရွာနဲ့တရွာ ချိတ်ဆက်ပြီး ပြေးဖို့ ရှောင်ဖို့လုပ်ရတယ်။ အခုလိုဖြစ်မယ်ဆိုတဲ့သတင်းက ဒီဘက်မှာ ကြားနေတာကြာပြီ။ စစ်တပ်ဘက်က လေယာဉ်နှစ်စီးနဲ့လာပစ်တယ်။”ဟု ဒေသခံတဦးက ပြောသည်။

လေ‌ကြောင်းရန်ကာကွယ်ရေးတပ်ဘက်တွင်လည်း မွန်းတည့် ၁၂နာရီအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်တပ်ဘက်ကလည်း MI-17 တိုက်ခိုက်ရေးရဟတ်ဖြင့် အဓိက အင်းကြင်းမြိုင်၊ဆည်တော်ကြီးနှင့်ပန်းသလဲတောင် အနီးတဝိုက်ကို တိုက်ခိုက်နေကြောင်း ယင်းဒေသခံကဆက်လက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က”တိုက်ပွဲဖြစ်နေတာဟုတ်တယ်။အသေစိတ် အခြအနေက ဘာမှမသိရသေးဘူး။ပြင်းထန်နေတယ်။အောင်ပွဲသတင်းကြားရမှာပါ။”ဟုပြောသည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ မန္တလေးတိုင်း၊ မိုးကုတ်မြို့၌လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ရှမ်းပြည်မြောက်ပိုင်း နောင်ချိုနှင့်ကျောက်မဲတို့တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး