မတ္တရာတွင် စစ်ကောင်စီတပ် မီးရှို့၍ နေအိမ် ၅လုံး ပျက်စီး၊ ဆိုင်ကယ် ၈ စီး သိမ်းခံရ

ရုပ်သံအညွှန်း- စစ်ကောင်စီတပ်ဖွဲ့က မြွေတလိုင်းရွာကို မီးရှို့ထားသည့်မြင်ကွင်း/ရုပ်သံ- Wetlet Informational Network

၀၀၈

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ၊မြွေတလိုင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ရာ နေအိမ် ငါးလုံး မီးလောင်ပျက်စီးပြီး ဆိုင်ကယ် ရှစ်စီးကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများထံက သိရသည်။

မတ္တရာမြို့ဘက်မှ ယနေ့ (ဇွန် ၂၂ရက်) စစ်ကား ငါးစီး၊ အင်အား ၁၀၀ကျော်ဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သည် နံနက် ၅နာရီ ၁၅မိနစ်ခန့်တွင် ရွာတွင်းဝင်ရောက်ကာ နံနက် ၈ နာရီခွဲဝန်းကျင်တွင် စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးရှို့ခံရ၍ နေအိမ်နှစ်လုံးမှာ ပြာကျသွားပြီ ကျန်အိမ်သုံးလုံးမှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

” သေနတ်တွေဖောက်ပြီးဝင်လာကြတယ်။ကျွန်တော်တို့တရွာလုံး ဝရုန်းသုန်းကားထွက်ပြေးကြတယ်။ မပြေးလို့လည်း မရဘူး။ မြင်တဲ့တွေ့တဲ့သူ အကုန်ဖမ်း၊ မထင်ရင်သတ်နေတာလေ။ ရောက်ကတည်းက အိမ်တွေထဲဝင်မွှေ၊ အဖိုးတန်ပစ္စည်းအကုန် ကားပေါ်ကောက်တယ်။ ပစ္စည်းယူလို့ အားရတော့ မနက် ၈ခွဲလောက် စမီးရှို့တာပဲ။ ဆိုင်ကယ် ရှစ်လောက်ပါသွားတယ်။အတိအကျတော့ မဟုတ်သေးဘူး။ဒီထက်ပိုနိုင်တယ်။ထွက်ပြေးတဲ့သူအကုန် ရွာထဲပြန်ဝင်လာမှ အတိအကျသိရတော့မယ်။ “ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်သည် နံနက် ၁၀ နာရီဝန်းကျင်တွင် ရွာမှ ထွက်သွား၍ ဒေသခံများသည့် နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ကျေးရွာတွင်း ပြန်လည် ဝင်ရောက်ရာမှာ ပျက်စီးဆုံးရှုံးမှုများကို သိရခြင်းဖြစ်ကြောင်း သိရသည်။

မြွေတလိုင်းကျေးရွာကို မီးရှို့ဖျက်စီးသွားသည့် စစ်ကြောင်းသည် နေ့လည် ၁၂နာရီတွင် မြွေဟသ်ာကျေးရွာသို့ ရောက်ရှိနေပြီး နေအိမ်များကို မွှေနောက်လျက်ရှိကြောင်း ဒေသခံတဦးကဆိုသည်။

မတ္တရာမြို့နယ်အတွင်း စစ်ရေးတင်းမာမှုရှိနေသော်လည်း လတ်တလော၌ မတ္တရာအနောက်ခြမ်း မြွေတလိုင်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း လှုပ်ရှားမှုမရှိကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး