နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ် ထိန်းချုပ်

ပုံအညွှန်း- နောင်ချိုမြို့ကို ထိန်းချုပ်ထားသော ‌တော်လှန်ရေးတပ်ဖွဲ့ဝင်များ (Photos -ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) )

ပုံအညွှန်း- နောင်ချိုမြို့ကို ထိန်းချုပ်ထားသော ‌တော်လှန်ရေးတပ်ဖွဲ့ဝင်များ (Photos -ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) )

မဇ္ဈိမ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် ခမရ (၁၁၅)တို့ကို တအာင်းတပ်မတော် (TNLA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ကြေညာသည်။

နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ယမန်နေ့ (ဇွန်လ ၂၅ ရက်) တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တရက်အကြာတွင် နောင်ချိုမြို့ကို ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။

မြို့ပေါ်ကို ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ (၁၁၄)နှင့် (၆၀၆) အမြောက်တပ်ရင်းများကို TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်း ဆိုသည်။

မြို့အဝင်တိုးဂိတ်ရှေ့၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးရှေ့နှင့် အမှတ် (၃၅၂) အမြောက်တပ်ရင်းရှေ့တွင် မဟာမိတ်တပ်များ လုံခြုံရေးယူထားသည့် မှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင် စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆိုသည်။

လက်ရှိမှာ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့တို့ကိုလည်း မဟာမိတ်များနှင့် လက်တွဲကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ပြောထားသည်။
စာတည်း။ ။ နောင်နောင်