ဖားကန့်မှာ KIA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာ

ပုံအညွှန်း- ဖားကန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားသည့် နေအိမ်ကို မီးငြှိမ်းသတ်နေကြစဉ် (Photos- CJ)

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းရတနာမြေမှာ နှစ်ဖက်လက်နက်ကိုင် အဖွဲ့ကြားမှာ စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားလာနေကြောင်း ဖားကန့်လုံးခင်ဒေသခံများထံမှ သိရသည်။

ယခုလ ဇွန်လ ၂၅ ရက်နေ့မှာ ဖားကန့်လုံးခင်းရတနာမြေဒေသ ဆိုင်းတောင်နှင့် လုံးခင်းဘက် ကျေးရွာအနီးတဝိုက်ကို အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ် စစ်ကြောင်းအဖွဲ့က နှစ်ဖွဲ့ခွဲကာ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာရမှ နယ်မြေလုံခြုံရေး ရယူထားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာလာခြင်း ဖြစ်သည်။

“တနေ့ညနေကတည်းနေ ဖားကန့် ဝှေခါဘက်တက်တဲ့အခြမ်း မြို့ရဲ့မြောက်ဘက်လို့ပြောရမှာပေါ့။ အဲ့ဘက်မှာ ပစ်သံခတ်သံတွေ ကြားရတာပဲ။ သိပ်မကြာဘူး ဗျုဟာကုန်းဘက်ကနေ လက်နက်ကြီးလှမ်းပစ်တာပဲ။ ငြိမ်နေခဲ့တာကြာပြီ။ လုပ်ကွက်တွေလည်း နားပြီ။ အသံတွေလည်း ပြန်ထွက်လာပြီဆိုတော့ သေချာတာတခုကတော့ ဒီဘက်မှာ စစ်ရေးပြန်တင်းမာနေပြီလို့ ပြောရမှာပဲ” ဟု ဖားကန့်လုံးခင်းရတနာမြေ ဆိုင်းတောင်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ စစ်တပ်ဘက်က KIA ပူးပေါင်းတပ်ဖွဲ့များရှိနိုင်သည့် နေရာဘက်သို့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှု ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

KIA ပူးပေါင်းတပ်ဖွဲ့ကလည်း စစ်ကောင်စီတပ် ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားသွားလာ၍ မရအောင် စစ်ကောင်စီတပ်ရှိသည့် နေရာများသို့ ဒရုန်းများသုံးကာ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

” တိုက်ပွဲကြီးရယ်လို့တော့ မဟုတ်သေးပါဘူး။ ဟိုကလှမ်းပစ် ဒီကလှမ်းပစ်တဲ့ အခြေအနေမှာပဲ ရှိနေကြသေးတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၆ ရက်) နံနက်ပိုင်း ၉ နာရီလောက်မှာ ဖားကန့်မြို့လယ် မြို့မရပ်ကွက်ရှိ စစ်တပ်ဗျုဟာတပ် စခန်းကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် သုံးလေးနေရာခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးကျည်တလုံးက ဆိုင်းတောင်ရပ်ကွက်ရှိ စိန်းမြသုခဘုန်းကြီးကျောင်းဝင်ထဲ ကျရောက်ပေါက်ကွဲခဲ့ရာမှာ ဘုန်းကြီးကျောင်းဝင်အနားမှ ရွှေပန်းတိမ်ဆိုင်မှ ပန်းထိမ်ဆရာတဦးနှင့် ဘုန်းကြီးကျောင်းဝင်းအနားရှိ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးတဦးအပါအဝင် ဆိုင်ထိုင်နေသော အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ခဲ့ရာ ယင်းအထဲ တဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးပြန်လည်တင်းမာကာ သေနတ်သံများ ပြန်လည်ထွက်ပေါ်လာသည့် ဇွန်လ ၂၅ ရက်နေ့တွင် ဖားကန့်စစ်တပ်ဗျူဟာကုန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် လုံးခင်းရပ်ကွက် ကျောက်စိမ်းစျေးတန်းအနီး ထိမှန်ပြီး နေအိမ်အချို့ ပျက်စီးမှုများလည်း ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်