နောင်ချိုရှိ အမြောက်တပ်ရင်းနှင့် အုမ္မခါး ရွာရှိ တပ်စခန်းကို TNLA ထပ်သိမ်း

ဓါတ်ပုံ-TNLA

ဓါတ်ပုံ-TNLA

ဂျူချန်း၊ ရွှေနွယ်

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိ အမြောက်တပ်ရင်း အမတ (၆၀၆) နှင့် အုမ္မခါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ပြီဟု ယနေ့ (ဇွန်လ ၂၇ ရက်) တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်ရှိ အမြောက်တပ်ရင်း (၆၀၆) ကို ယနေ့နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ပြင်ဦးလွင်နှင့် နောင်ချို မြို့ကြား အုမ္မခါး ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နောင်ချိုမြို့ကို နှင့် နောင်ချိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခမရ (၁၁၅) ကို TNLA နှင့် ပူးပေါင်းတပ်များမှ ယမန်နေ့တွင် ထိန်းချုပ်ပြီးနောက် လက်ကျန်တပ်စခန်းကို ယနေ့တွင် ထပ်သိမ်းနိုင်လိုက်ခြင်း ဖြစ်သည်။

“အမတ (၆၀၆) ကျသွားပြီ။ လက်နက်ငယ်သံဆက်တိုက်ကြားရပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်တယ်။ အခု ကင်းထောက် လေယာဉ်ထပ်လာနေပြီ” ဟု နောင်ချို ဒေသခံတဦးက ယနေ့ မွန်းလွဲ ၁ နာရီတွင် မဇ္စျိမကို ပြောသည်။

ကျန်ရှိနေသည့် ခမရ (၁၁၄) ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း TNLA မှ ဆိုထားသည်။

ယနေ့ ဇွန် ၂၇ ရက်နေ့တွင်လည်း မိုးကုတ်မြို့နယ် အေးစေတီ တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို TNLA မှလည်းကောင်း၊ ကျောက်မဲမြို့ရှိ စကခ(၁)၊ ခမရ(၅၀၁) နှင့် (၅၀၂) တပ်စခန်းများကိုလည်း TNLA နှင် MDY PDF တို့က ပူးပေါင်းတိုက်ခိုက်နေကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ကျောက်မဲမြိုနယ်တွင် TNLA ထံ သို့ ယမန်နေ့ ဇွန် ၂၆ ရက်နေ့တွင် လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲဝင် ၁၇ ဦးထံမှ ၆၀မမ နှစ်လက်၊ စက်လက် ခြောက်လက်၊ RPG-7 နှစ် လက်၊ စနိုက်ဘာ ၊ ပစ္စတို၊ မိုင်း၊ ဗုံးသီး၊ စစ်လက်နက်ပစ္စည်းများ စသည့် လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ နောင်နောင်