မိုးကုတ်မြို့ ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝိုင်းရံပိတ်ဆို့

ရွှေနွယ်

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းကို ယနေ့ (ဇွန်လ ၂၇ ရက်) နံနက်ပိုင်းမှစတင်ကာ တအာင်းအမျိုးသားတပ်မတော်(TNLA)နှင့် မဟာမိတ်တပ်တို့မှ ပိတ်ဆို့ဝိုင်းရံထားရာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ပြီး အနီးအနားရှိ ပြည်သူများကို တိမ်းရှောင်စေခိုင်းကြောင်း မိုးကုတ်ဒေသခံတို့ထံမှ သိရသည်။

“အနောက်ပိုင်းမှာဆိုရင် အခုက အဲ့ဒီကျပ်ပြင်ရဲစခန်းပဲ ကျန်တော့တယ်။ နောက်တခုကျန်တာကတော့ အနောက်ပိုင်းကနေ အရှေ့ပိုင်းကို ကူးတဲ့ မြို့ဝင်မြို့ထွက်မှာ ထိုင်ထားတာပဲရှိတယ်။ အဲ့တာကလည်း အင်အားသိပ်မများဘူး။ အခုက အနောက်ပိုင်းမှာ နောက်ဆုံးကျန်နေတဲ့ ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝိုင်းပိတ်ထားတာ။ ရဲတွေကိုလည်း လက်နက်ချချင်ချဖို့ အချိန်ပေးထားတဲ့သဘောဖြစ်မယ်” ဟု မိုးကုတ်မြို့အနောက်ပိုင်းနေ ဒေသခံတဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကျပ်ပြင်ရဲစခန်းကို ဝိုင်းရံပိတ်ဆို့ထားပြီးနောက် ရဲစခန်းအနီးဝန်းကျင်တွင် နေထိုင်သော ပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်လျှင် ထိခိုက်မည်စိုးသောကြောင့် တော်လှန်ရေးတပ်ဖွဲ့တို့မှ တိမ်းရှောင်ခိုင်းသည်ဟု သတင်းပျံ့နှံ့နေကာ ပြည်သူများ ရွှေ့ပြောင်းမှုရှိနေကြောင်းလည်း အဆိုပါသတင်းရင်းမြစ်ကပြောသည်။

ထို့နောက် ယနေ့ နံနက်ပိုင်း ကျပ်ပြင်ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိကြောင်းနှင့် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်းလည်း သိရသည်။

“တော်လှန်ရေးတပ်ဘက်ကပဲ ရွှေ့ဖို့ပြောတယ်တော့ကြားတာပဲ။ မနက်တည်းက ကျန်နေသူတွေ ရွှေ့နေကြတာရှိတယ်။ အရင်ရက်တွေကတည်းကလဲ ပြောင်းထားကြတာရှိပါတယ်။ အခုက ကျန်နေသူတွေလည်း ထပ်ပြောင်းရွှေ့နေကြတာပေါ့” ဟု မိုးကုတ်မြို့အနောက်ပိုင်းတွင် နေထိုင်သူ သတင်းရင်းမြစ်ကပြောသည်။

ယမန်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်းရှိ ပြည်သူများ နေထိုင်သော ရပ်ကွက်များပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်းနှင့် ထိခိုက်မှုအသေးစိတ်ကိုမူ အတည်ပြု၍ ရသည့်အခြေအနေမဟုတ်သေးကြောင်း ဒေသခံကပြောသည်။

မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် ယမန်နေ့ (ဇွန်လ ၂၆ ရက်)တွင် မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို TNLA တပ်မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားသည်။ မိုးကုတ်မြို့၏ အရှေ့ခြမ်းတွင်မူ စစ်ကောင်စီဗျူဟာကုန်းနှင့် တပ်စခန်းများကျန်ရှိနေသေးပြီး လက်ရှိတွင် မြို့အနောက်ပိုင်း၌သာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)