ကျောက်မဲနှင့် နောင်ချိုရှိ လက်ကျန်တပ်စခန်းများကို TNLA တိုက်ခိုက်

ပုံအညွှန်း- TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photos- AFP)

ပုံအညွှန်း- TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photos- AFP)

009

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နောင်ချိုမြို့ပေါ်များကို ထိန်းချုပ်ထားနိုင်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယနေ့(ဇွန်လ ၂၇)တွင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို ဆက်လက်စီးနင်းတိုက်ခိုက်နေသည်။

ကျောက်မဲမြို့ပေါ် တောင်ဘက်ရှိ အမြောက်တပ် (၃၅၂)တပ်စခန်းနှင့် မြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို TNLA က ယမန်နေ့ (ဇွန်လ ၂၆ ရက်)ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

မြို့မြောက်ဘက် နှစ်မိုင်အကွာက လက်ကျန်တပ်စခန်းဖြစ်သည့် ခြေမြန်တပ်ရင်း အမှတ်(၅၀၁၊ ၅၀၂)တို့ကို ယနေ့(ဇွန်လ ၂၇ ရက်) နံနက် ၇ နာရီခန့်တွင် TNLA က စတင်စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီကျော်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားခဲ့သည်။

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်လာရန် ညှိနှိုင်းမှုများရှိနေကြောင်း ကျောက်မဲမြို့ခံ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

၎င်းက “ နေ့လယ်ပိုင်းကနေ အခုညနေထိ ငြိမ်နေတယ်။ အပြန်အလှန် ညှိနှိုင်းနေကြတယ်လို့ ကြားတယ်။ အဓိကတော့ စစ်တပ်က လက်နက်ချ အလင်းဝင်လာဖို့လို့ ပြောတယ်။ ကူညီရေးအသင်း ကားတွေလည်း တပ်ထဲ ဝင်သွားကြတယ်။ ” ဟု ပြောသည်။

ခမရ အမှတ်(၅၀၁၊ ၅၀၂) တပ်စခန်း ကပ်ရပ်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁)နှင့် စစ်ဘက် အင်ဂျင်နီယာတပ်များ ကျန်ရှိနေပြီး ထိုတပ်များ ကျပါက ကျောက်မဲခရိုင်ကို TNLA ရရှိမည် ဖြစ်သည်။

လတ်တလော ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးတချို့တွင် တအာင်းအမျိုးသားအလံများ လွှင့်ထူထားခြင်းတွေ့ရပြီး မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ တိတ်ဆိတ်နေသာ်ဟု မြို့ခံများက ဆိုသည်။

မြို့ခံအများစုသည် နီးစပ်ရာသို့ တိမ်းရှောင်ခြင်းမပြုဘဲ မြို့ပေါ်နေအိမ်များတွင်သာ ခိုလှုံနေကြပြီး ယနေ့ နံနက်အစောပိုင်း မြို့ပေါ်နေရာတချို့တွင် အခြေခံစားသောက်ကုန်များ ရောင်းဝယ်မှုပြုလုပ်ခဲ့ကြသည်။

ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ၎င်းတို့ထံ လက်နက်ချခဲ့ကြောင်းနှင့် ထိုစစ်သည်များကို အသက်အာမခံချက်ပေးမည်၊ လွတ်မြောက်နယ်မြေတွင် ထိန်းသိမ်းပြုစုထားမည်နှင့် လမ်းစရိတ်အပြည့်အ၀ ထုတ်ပေးကာ ပြန်လွှတ်ပေးမည်ဟု TNLA စစ်ရေးချုပ်ပြောဆိုမှုကို TNLAက ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ နောင်ချိုမြို့ လက်ကျန်တပ်စခန်းဖြစ်သည့် မြို့အနောက်ဘက် တမိုင်အကွာရှိ ခြေမြန်တပ်ရင်း အမှတ် (၁၁၄)ကို ယနေ့(ဇွန်လ ၂၇ ရက်) နံနက် ၅ နာရီခန့်မှ ညနေ ၄ နာရီခွဲအချိန်ထိ TNLA က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း နောင်ချိုမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

၎င်းက “ (၁၄၄ )မကျဖို့ လေယာဉ်တွေနဲ့ လာပစ်တယ်။ တိုက်လေယာဉ်ရော Y-12 ရော ဗုံးတွေကြဲတာ။ အခုညနေက ဘာအသံမှ မကြားရတော့ သိမ်းလိုက်နိုင်ပြီးလား မသိရသေးဘူး။ “ ဟု ပြောသည်။

ခမရ (၁၁၄)သည် နောင်ချိုမြို့အနီးရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်ပြီး ထိုတပ်စခန်း ကျသွားလျင် နောင်ချိုမြို့ကို TNLAက အပြည့်အ၀ထိန်းချုပ်နိုင်မည်ဖြစ်သည်။

နောင်ချိုမြို့နယ်အတွင်း မြို့တောင်ဘက် ၂၀ မိုင်ကျော်ကွာဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အသွားလမ်းပေါ်ရှိ တောင်းခမ်းကျေးရွာအနီးရှိ အမြောက်တပ် တပ်စခန်းကိုလည်း TNLAက သွားရောက် တိုက်ခိုက်နေကြောင်း မြို့ခံများက ဆိုသည်။

လတ်တလော နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိတော့ဘဲ ငြိမ်သက်နေပြီး လေကြောင်းတိုက်ခိုက်မည် စိုးရိမ်သောကြောင့် မြို့ခံ အများစုသည် နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြကာ မြို့တွင်း အိမ်အစောင့်ဖြစ်သာ မြို့ခံတချို့က ကျန်ရှိနေသာ်ဟု သိရသည်။

ခမရ (၁၁၄) တပ်စခန်းကပ်ရပ်ရှိ ခြေမြန်တပ်ရင်း အမှတ် (၁၁၅)ကို ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အမြောက်တပ်စု (၆၀၆)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်နှင့် အုမ္မတီးစသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားကြောင်း TNLAက ထုတ်ပြန်ထားသည်။

ကျောက်မဲနှင့် နောင်ချိုမြို့တို့ တိုက်ပွဲတွင် TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်တချို့ ပါဝင်တိုက်ခိုက်နေသာ်ဟု စုံစမ်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)