စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု မိုးကုတ်နှင့်ကျောက်မဲမှ ကိုရင်နှင့်သီလရှင်၂ပါးပျံလွန်၊ ဒဏ်ရာရများပြား

ဓါတ်ပုံ- ကျောက်မဲ ဇွန် ၂၇ ရက်ညနေ လေကြောင်းတိုက်ခိုက်မှုမှ ထိခိုက်မှုများ (ပေးပို့)

ဂျူချန်း

မဇ္ဈိမ။ ။ မိုးကုတ်နှင့် ကျောက်မဲမြို့တွင် ယမန်နေ့( ဇွန်လ ၂၇ရက်)ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်နှင့်သီလရှင်နှစ်ပါးပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ များပြားသည်ဟု ဒေသခံများပြောသည်။

ယ‌မန်နေ့ည ၇နာရီခန့်က စစ်ကောင်စီလေကြောင်းမှ ကြဲချတိုက်ခိုက်သည့် ဗုံးသည် မိုးကုတ်မြို့ရှေ့ပိုင်း၊ရှမ်းတောရပ်ရှိ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကိုရင်လေးငါးပါးဒဏ်ရာရခဲ့ပြီး တပါးပျံလွန်သည်ဟု မြို့ခံတဦးကပြောသည်။

၎င်းက “ကိုရင်တွေ ဘုရားဝတ်ပြုနေတုန်း ဖြစ်တာပါ။ ကျောင်းအမိုးပွင့်ကျတာ။ တပါးက ဆေးရုံကားပေါ်မှာ ပျံလွန်တယ်။ နှစ်ပါးလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။

ကိုရင် ငါးပါးစလုံးပျံလွန်တော်မူသွားသည်ဟု သတင်းများထွက်ခဲ့သော်လည်း ယနေ့နံနက်သတင်းများအရ တပါးသာပျံလွန်တော်မူခြင်းဟု ဆိုသည်။

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၇ ရက် ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ရပ်ကွက်(၈)၊ အင်ကြင်းတောင်ကျောင်းမှ သီလရှင် တပါး ပျံလွန်တော်မူပြီး တပါးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အရပ်သားဒဏ်ရာရမှုလည်းရှိပြီး အသေးစိတ်မသိရသေးဟု ဒေသခံများကပြောသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့မှ စစ်ကောင်စီစခန်းများကို တ‌အာင်းအမျိုးသားလွတ်မြောက်ရေး‌ တပ်မတော်(TNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များက ‌ဇွန်လ ၂၅ရက်မှ စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်နေသည်။ ယနေ့(ဇွန်လ ၂၈ရက်) သည် တိုက်ပွဲလေးရက်မြောက်ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုများရှိနေသည်ဟု TNLAက သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲမြို့တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်သား ရုပ်အလောင်း ၂၃ ခုကိုလူမှုကူညီရေးအဖွဲ့များက ယမန်နေ့က မီးရှို့သင်္ဂြိုလ်ခဲ့သည်။ သင်္ဂြိုလ်ပေးခဲ့သည့် ယင်း ရုပ်အလောင်းများအနက် အရပ်သား ခုနစ်ဦးခန့်သာ ပါဝင်သည်ဟု ဒေသခံ တဦးက ပြောသည်။

မိုးကုတ်မြို့တွင်လည်း လေးရက်တာတိုက်ပွဲအတွင်း အရပ်သား ငါးဦးထက်မနည်းသေဆုံးထားသည်ဟု ဒေသခံများကပြောသည်။ လတ်တလော၌ တိုက်ပွဲပြင်းထန်နေခြင်းနှင့် ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

စာတည်း – အေးချမ်း